Friday, March 14, 2008

လာပြန်ဦးတော့ ဝေလေလေ

- ကြားဖူးပါရဲ့ သုံးကျောင်းပြောင်းသော သျှင်လို၊ သုံးလင်ပြောင်းသော မိန်းမဆိုတဲ့ ဆိုရိုးမှာ သုံးခါမြောက်ဆွဲတဲ့ ဥပဒေ လို့များ ထပ်ထည့်ရမလို လူမလေးခွေးမခန့်များ ဖြစ်နေရော့သလားကွယ် .......

- ဒါမှမဟုတ် ဟိုး ပထမစစ်အုပ်စုကြီးတည်ထောင်ခဲ့တဲ့ တကယ့်ကို ခန့်ညားထယ်ဝါတဲ့ ပြည်လမ်းက ရုံးတော်လွှတ်တော်ကြီးမှာ ကျက်သရေရှိရှိ ညီလာခံကြီး မဆင်နွဲခဲ့ရဘဲ ဟိုးမြို့စွန်ဇနပုဒ် အနုတ်စုတ်ဂုတ်စုတ် ညောင်နှစ်ပင် တစ္ဆေဝေလေလေ လုပ်ပြီး သွပ်မိုးအုတ်ထရံကာနဲ့ လျှပ်စစ်မီးလို ပြတ်တလှည့် မလာတလှည့်နဲ့များရေးခဲ့လို့ အတင်းတုပ်ခဲ့နေရတာများလား? .....

- ညီလာခံလုပ်ခဲ့သမျှ ပြန်စဉ်းစားကြည့်တော့လည်း ဘာတွေရေးလို့ ဘာတွေဖတ်နေမှန်းသာ သတိမထားတာ ၀တ်စုံပြဖွဲ့များလား အောင်းမေ့ရတယ်။ ဖက်ရှင်ရှိုးသာသာရယ်လေ .....

- စာအုပ်ကြီးသာ အတင်းထောက်ခံခိုင်းနေတာ ဟိုလိုဆိုရင် ဘယ်လိုလုပ်မလဲ? ...


- ဘယ်လိုလဲ သိလား .... ခင်ညွှန့်တို့ကို နှိပ်ကွပ်တုန်းက သရဲရွှေပန်း မျက်နှာပြောင်ပြောင်နဲ့ ပြောပုံလေ (အသားကလဲမဲပါ့၊ အဲ့ဒီတုန်းက ကုလားချောင် ဘူးသီးရှုံ့မျက်နှာနဲ့ ခုတော့ အဆီတ၀င်းဝင်း) ငြိမ်းချမ်းရေး
သဘောတူယူခဲ့တာ ခင်ညွှန့်နဲ့တဲ့ သူတို့နဲ့ မဟုတ်ဘူးတဲ့၊ သူတို့နဲ့ ပြန်သဘောတူရမတဲ့။

- ကျွန်တော်တို့က အဲ့ဒီ စာအုပ်ကြီး ဘာမှန်းမသိ ညာမှန်းမသိ စွပ်ပြီးထောက်ခံပါပြီတဲ့ တခုခုဖြစ်ပါပြီတဲ့ ဒါ ကျွန်တော်တို့နဲ့ သဘောတူတာ မဟုတ်ဘူး၊ ဟိုအောင်တိုးတို့၊ ကျော်ဆန်းတို့လုပ်တာ ကျွန်တော်တို့ပါခဲ့တာ
မဟုတ်ဘူးဆိုပြီး ပုပ်ချလိုက်ရင် ဘယ်လိုလုပ်မလဲနော် .....

- ညီလာခံပြီး တောက်လျှောက် အခုစာအုပ်ကြီးအထိ အဲ့ဒီ ဆရာရွှေတို့ ဆရာမန်းတို့ ဆရာအေးတို့ ဘယ်နှစ်ခါများ လာခဲ့ဘူးတာတွေ့မိကြပါသလဲခင်ဗျာ။

- ကျွန်တော်တို့ ပြည်သူတွေ ဘ၀ကလဲ ငိုရမလား ရီရမလားပါ။ စာအုပ်ထဲကစာ မပြောနဲ့၊ စာအုပ်တောင် အဖုံးက ဘာအရောင် အထူအပါး၊ အလေးအပေါ့ ကိုင်ကြည့်ဖို့ နေနေသာသာ သဲသဲကွဲကွဲတောင် မမြင်ဘူးပေါင်၊ အဲဒါကို အတင်းထောက်ခံမဲပေးရအုန်းမယ်။ ဟွန်း ဝေးသေး ... ဘာမှန်းမသိတော့ လာခဲ့ ...
ကန့်ကွက်မဲ ....

- သြော် .. ပြောရအုန်းမယ် ဗဟုသုတလေး .... ဟိုး ကျွန်တော်တို့ ၇၄ တုန်းက ကိုအောင်ကိုလတ်ကြီးကို ဆိုခိုင်းတဲ့ "မဲရုံ, မဲရုံကိုလာ .. တပြည်လုံး မဲသွားပေးစို့" ဆိုတဲ့ မဲရုံသီချင်း အရမ်းပေါက်ခဲ့တာပေါ့ စစ်အစိုးရက စတီရီယိုကို ခေါ်အသုံးချလိုက်တာ အောင်ကိုလတ်လဲ အဲ့ဒီသီချင်းနဲ့ တပြည်လုံး
ပေါက်သွားလိုက်တာ အဆိုတော်ဖြစ်ကရောဘဲ .....

- ဒီတစ်ပွဲ ကိုအောင်ကိုလတ်ကြီးလို လူစွမ်းကောင်းဖြစ်မဲ့ အဆိုတော်လဲ ပေါ်မဲ့ပုံ မပေါ်ပါဘူး .. သီချင်းစပ်ရအောင်ကလဲ ဘာနဲ့စပ်ရမှာပါလိမ့်နော် .. ဟစ်ဟော့နဲ့ကောင်းမလား ရက်ဂေးနဲ့ကောင်းမလား၊ ကျားပေါက်ခေါ်ရင် ကောင်းမလား၊ စိုင်းစိုင်းလေးဆိုရင်ကော .. ကောင်းမလား .. အကြံပေးကြပါအုန်း။

- ဒါနဲ့ သတိထားမိလားမသိဘူး .. မေလ ဆိုတာ မိုးဦးလေဦးကြီး ကဆုန်လကြီးပေါ့။ အဲဒီ အရှုပ်ထုတ်ဘုတ်အုပ်အတွက် မဲပေးအသွား မိုးကြိုးတွေပစ် လေကြမ်းတွေတိုက်ဆို ဘယ်လိုလုပ်မလဲ .. ကြောက်စရာကြီးနော့။ ရှမ်းစတိတ်တို့ ကရင်စတိတ်တို့ ရခိုင်စတိတ်တို့ဆိုရင်လဲ တောင်တွေပြို ရေတွေကြီး
ဖြစ်လာနိုင်တာပေါ့ ....

- လျှို့ဝှက်သတင်းပြောရအုန်းမယ် ကဆုန်လကြီးမို့လို့တဲ့ ကြံ့ဖွတ်အဖွဲ့ကြီးကတဲ့ ထောက်ခံမဲပေးရင်တဲ့ ထီးတစ်ချောင်းနဲ့ မိုးကာတထည်ဆီ ဝေပေးမယ်တဲ့ ဟီးဟီး သိတယ်မဟုတ်လား .. ပေးရင်ယူလိုက်နော် .. ပြီးမှ
သိတယ်ဟုတ် ......

- ဟိုတနေ့ကတော့ နတ်ဝင်သည်တစ်ယောက်ဆိုလား အကြားအမြင်ဆရာဆိုလား .. အိပ်မက်ရတယ်တဲ့ ရှင်ဥပဂုတ်ကိုယ်တော်မြတ်ကြီးကတဲ့ အိပ်မက်ပေးတာတဲ့ မေလ မိုးတွင်းကြီးကျရင်တဲ့ ဒီ ဒိဌိတွေလုပ်တဲ့ပွဲမှာတဲ့ မိုးတားဖို့ဆိုပြီး ငါ့ကိုပင့်ရင်တဲ့ မကြွဘူးတဲ့၊ ပင့်တဲ့သူတွေကိုလဲတဲ့ လည်ပင်းမှာတဲ့ ရွှေဝါရောင် ကိုယ်တော်တွေရဲ့တဲ့ မစင်တွေဆွဲပြီးတဲ့ စင်္ကြာဝဠာတံတိုင်းကို လွှင့်ပစ်ဒဏ်ခတ်မယ်တဲ့ ပင့်ရဲပင့်ကြည့်ဆိုဘဲ ... အိပ်မက်ပြောပါတယ်။

- အဲဒီ မေလ ပြောပြော ကဆုန်လဆိုဆို မဲရုံတွေများလုပ်ဖြစ်ရင် (လုပ်ဖြစ် မဖြစ်က မသေချာဘူး သိတယ်မဟုတ်လား၊ ယုံရတာ မဟုတ်ဘူး)။ မဲရုံအသွား မိုးကြိုးလွှဲတွေ ဆောင်သွားနော် .. ရုံရှေ့ကားယားကားယား ရပ်နေမဲ့ ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့၊ အရမ်းမီးသတ်တို့နား သွားမရပ်နဲ့ ရောပြီး
မိုးကြိုးပစ်မှာစိုးလို့ သတိပေးလိုက်ပါရဲ့ ........

No comments: