Friday, March 21, 2008

တပ်မတော် ဆိုတာ ...

တပ်မတော်ဆိုတာ သီးခြားအဖွဲ့အစည်းလား? ကာကွယ်ရေးဝန်ကြီးဌာနဆိုတဲ့ ၀န်ကြီးဌာနတခုလား? တကယ်ဆို စစ်အာဏာရှင်ဘက်ကရေးတဲ့ ဆောင်းပါးတွေ၊ စစ်အုပ်စုက ဘာချုပ်ညာချုပ်တွေ ပြောသမျှ၊ အယူအဆတွေအရ - အခြေခံဥပဒေမှာ တပ်မတော်က ၂၅% ယူထားတာကို ကာကွယ်ထားကြတဲ့ ဆင်ခြေမျိုးစုံဖတ်ရ ကြားရတာချည်းပါဘဲ။

ဒါဆို မေးခွန်းထုတ်စရာတစ်ခုရှိပါတယ်။ တပ်မတော်ဆိုတာ ဘာလဲ? ဆိုတာပါဘဲ ....


ကျွန်တော်တို့ အရပ်သားအမြင် ရိုးရိုးလေးကတော့ အကယ်စင်စစ် တပ်မတော်ဆိုတာ နိုင်ငံတော်တစ်ခုအတွင်းမှာ "ကာကွယ်ရေးဝန်ကြီးဌာန" ဆိုတဲ့ ၀န်ကြီးဌာနတခုပါဘဲ။ ဒီလိုဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံရေးအရ ရွှေးကောက်ပွဲ ၀င်စရာမလိုဘဲ အထက်လွှတ်တော်မှာ တိုက်ရိုက် အမတ်ရာခိုင်နှုန်း တခုခုခန့်အပ်နေရာ ယူခွင့်ပေးရမယ်ဆိုရင် တခြားဝန်ကြီးဌာနတွေဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနတို့၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့၊ ကုန်သွယ်ရေး၊ ကျန်းမာရေး စသည်ဖြင့် ရှိသမျှ ၀န်ကြီးဌာနပေါင်းစုံကလဲ လွှတ်တော်အမတ် တိုက်ရိုက်ခန့်ထားခွင့် ရာခိုင်နှုန်း တခုခု ရခွင့်ရှိရမှာပေါ့။ ကျန်တာတွေ မပြောသေးဘူး။ (တခြားတိုင်းရင်းသား လူမျိုးစု အခွင့်အရေး ဘာညာ) ဒါမှ တရားမှာပေါ့။ ကဲ .. မရှုပ်ဘူးလား ..တကယ်အရင်းစစ်ကြည့်ပါ။ တပ်မတော်ဆိုတာ နိုင်ငံတော်ထဲက ယန္တရားတခုပါ။ သူ့ကဏ္ဍနဲ့သူ တာဝန်ယူထားရတဲ့ ၀န်ကြီးဌာနတခုပါ။ သီးခြားရပ်တည်ရမဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ သီးခြားကင်းလွတ်ခွင့်ရယူဖို့ ကျိုးစားနေသ၍ ဒီမိုကရေစီ မပြောနဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဘယ်တော့မှ မဖြစ်လာနိုင်ပါဘူး။ အခြေအနေအရ တိုင်းပြည် တခုခုဖြစ်လာတိုင်း အချုပ်အခြာ အာဏာကို ကာကွယ်ရေးဝန်ကြီးဌာနက ခေတ္တ၀င် ထိန်းသိမ်းတာမျိုးဘဲ ဖြစ်သင့်ပြီး တည်ငြိမ်အေးချမ်းတဲ့ အခါ စစ်မှန်တဲ့ အခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ပြည်သူ့ရွေးကောက်ပွဲနဲ့ ပြန်လွှဲပေးရမှာပေါ့။ အဲ့ဒီအခါ ဒီမိုကရေစီ နည်းကျကျ တက်လာတဲ့ စစ်မှန်တဲ့ အနိုင်ရပါတီ ဦးဆောင်မှု့အောက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဆိုတာ နေရမှာပေါ့။

ဒီလို မနေချင်လို့၊ အာဏာရဲ့ အရသာကလဲ ရှယ်ဆိုတော့ ကလီကမာတွေ လျှောက်ပြောပြီး ဇွတ်ကြီး အခြေခံဥပဒေလုပ်နေတာ ဘယ်လိုနည်းနဲ့မှ ထောက်ခံမဲပေးလို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီတော့ ဖြေကြည့်ပါ။ ရိုးရိုးသားသား စိတ်ရှိရင်ပေါ့ .. တပ်မတော်ဆိုတာ မြန်မာ့လူ့အဖွဲ့အစည်းမှာ သီးခြား အဖွဲ့အစည်းတခုလား? အများနည်းတူ ၀န်ကြီးဌာနတခုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနလား? ကာကွယ်ရေးဝန်ကြီးဌာနက ၂၅% တိုက်ရိုက်ယူမယ်ဆိုရင် တခြားဝန်ကြီးဌာနတွေကရော ရာခိုင်နှုန်းဘယ်လောက်ရသင့်ပါသလဲ? ဖြစ်ရောဖြစ်သင့်ပါသလား? ဒါကြောင့်မို့ အစကတည်းက အာဏာလက်မလွှတ်ချင်တော့ ရှေ့နောက် ကျိုးကြောင်းမညီတဲ့ ဥပဒေစာအုပ်ဖြစ်လာတာပေါ့။ အဲ့ဒီတော့ ဒီသဘာဝ မကျတဲ့ စာအုပ်ကြီးကို ကန့်ကွက်ရမှာပေါ့။

No comments: