Wednesday, July 25, 2007

ကိုယ်ကျင့်တရား….(၂)

တကယ်တော့ ကိုမိုးစွေက ဇူလိုင် ၂၁ရက်နေ့ကတည်းက ကျမရဲ့ ကိုယ်ကျင့်တရား ပို့စ် ကို အိပ်မက်အိမ် မှာ ဆွေးနွေးထားတာပါ။ ကျမ ပြန်ဆွေးနွေးဖို့ဟာ အလုပ်ပိသွားတာနဲ့ အဘိုးမှိုင်းအမှတ်တရ ရက် နဲ့လည်း တိုက်သွားတာကြောင့် ခုမှပဲ ပြန်ရေးဖြစ်ပါတယ်။ တကယ်တော့ ပြန်ဆွေးနွေးပါ့မယ်လို့ ပြောထားမိလို့သာ ပြန်ရေးရတာပါ။ ဒီရက်ပိုင်းတွေထဲ ကိုယ်ကျင့်တရား နဲ့ ပတ်သက်ပြီး ခင်မင်းဇော်၊ ကိုထိုက် ကိုမြင့်ဇေ နဲ့ ကိုမိုးစွေ ကိုယ်တိုင် နောက်ဆက်တွဲ ပြန်ရေးထားတာတွေကကို တော်တော်ပြည့်စုံနေပြီမို့ ကျမ ပြန်ရေးစရာ တောင် မကျန်တော့သလောက်ပါပဲ။(နာမည်တွေကို Click ပြီးဖတ်နိုင်ပါတယ်)

တကယ်တော့ ကျမ ပြောခဲ့သမျှ ကိုယ်ကျင့်တရားအမြင်မှာလည်း ဖြန့်ထွက် ဖြည့်တွေး လိုက်ရင် တော်တော် လေး ပြည့်စုံပြီးသားလို့ ထင်ပါတယ်။ ကိုမိုးစွေက ပထမတပုဒ်မှာ ကိုယ်ကျင့်တရားကို ငါးပါးသီလနဲ့ ယှဉ်ပြောပါ တယ်။ ဒါလည်း တနည်းတဖုံတော့ ဆက်စပ်နေတာပါပဲ။ ငါးပါးသီလ ဟာ ကိုယ်ဆောက်တည်ရမယ့် အကျင့်ပဲ မဟုတ်လား။ ပြီးတော့ သူတပါး မထိခိုက် မနစ်နာအောင် ထိန်းတဲ့ တရားလည်း ဖြစ်တာကိုး။ ဒါပေမဲ့ ငါးပါးသီလ လို့ ခေါင်းစဉ် တပ်လိုက်တော့ ဒါက ဗုဒ္ဓဘာသာဝင်တွေနဲ့သာ သက်ဆိုင်သလို ဖြစ်သွားစေပါတယ်။ တကယ်က တော့ ကိုယ်ကျင့်တရားကို ထိန်းဖြစ်စေတဲ့ နေထိုင်နည်း ဆိုရင် ဒီမိုကရေစီစနစ်လည်း ပါတာပါပဲ။ ပညတ်တော် ၁၀ပါး လည်း ပါတာပါပဲ။ ဓမ္မပဒ လည်း ပါတာပါပဲ။ ကုရ်အာမ်ကျမ်း ထဲမှာလည်း ပါတာပါပဲ။

ဆိုတော့ တကယ်တော့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားဆိုတာ ရိုးရိုးရှင်းရှင်းလေးပါပဲ… ကိုယ့် လူ့ဘောင် အဖွဲ့အစည်းထဲက အများနှစ်သက်တဲ့ အနေအထိုင် အကျင့်အကြံ စည်းကမ်းပါပဲ။ အများပြစ်တင် ရှုတ်ချနိုင်တဲ့ နေထိုင်မှုမျိုးမဟုတ်ရဘူးပေါ့။ ဒီနေရာမှာ လူထု ပရိသတ်ရှေ့မှောက်မှာ ရှိနေတဲ့ Public Figure တွေက အထူးသဖြင့် ဆင်ခြင်ရမယ်.. တာဝန်ရှိတယ် ဆိုတာမျိုး ကျမ ပြောခဲ့ပါတယ်။ အခု အဲဒီ အယူအဆလေးကို ကိုမိုးစွေ ရဲ့ ဘယ်လိုဖြေရှင်းကြမှာလဲ ဆိုတဲ့ ပို့စ်မှာ တွေ့ပါတယ်။

ဟုတ်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာက အဲလို ရှေ့ဆောင်သူတွေကို အတုယူတဲ့ အကျင့်စွဲပြီးသားပါ။ အထူးသဖြင့် ကလေးတွေ လူငယ်တွေ အများစုဟာ ရုပ်ရှင်ထဲက ဇာတ်လိုက်တွေကို.. ၀တ္ထုထဲက ဇာတ်ကောင်တွေကို… ကိုယ့် ဆရာ ဆရာမ တွေကို… ကိုယ့်မိဘ မောင်နှမတွေကို … အင်မတန် အတုယူတာ အတုခိုးတာပါ (ကိုမိုးစွေပြောထားသလိုပါပဲ)။ ဒီတော့လည်း လူကြီးတွေကတော့ အဲလို လူထု ရှေ့ဆောင် တွေကို စံပြတွေ ဖြစ်စေချင်ကြတာပါပဲ။ ဒီနေရာမှာ တချို့က Public Figure တွေဆိုတာကလည်း လူတွေပဲ အမှားရှိမှာပေါ့ လို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ သာမန်လူတွေ ထက်တော့ (သိပ်မမှားသင့်တဲ့)တာဝန် ပိုရှိသွားတာလည်း အမှန်ပါပဲ။ ကော်မင့်တခုမှာ နိုင်(အိမ်) က ဝေမျှထားဖူးတဲ့ တာဝန် ဆိုတာ သစ္စာပဲ ဆိုတဲ့ စကားလေးကို ကျမ သိပ် သဘောကျ တာပါပဲ။ ထပ်ဖြည့်ရရင်တော့ တာဝန် ဆိုတာဟာ စေတနာလည်း ဖြစ်ပါတယ်။

ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ကျမရဲ့ စာသင်ခန်းတွေထဲမှာလည်း တပည့်တွေနဲ့ မကြာခဏ အပြန်အလှန် ဆွေးနွေးဖူးပါတယ်။ အရက်သောက် မူးယစ်ဆေးသုံးတာ ကိုယ်ကျင့်တရားနဲ့ ဆိုင်မဆိုင်က အစ.. အိမ်ထောင်ရေး ဖောက်ပြန်မှု လိင်ပိုင်းဆိုင်ရာ တွေအထိ...ရောက်အောင် ဆွေးနွေးကြဖူးပါတယ်။ တကယ်တော့ ကိုယ်ကျင့်တရား ကိစ္စဟာ ရိုးရှင်းသလောက် ကျယ်ပြောလှပါတယ်။ အထူးသဖြင့် မြန်မာ့ လူ့ဘောင်လောက ထဲ မှာပေါ့။ ကျမ ကိုယ်တိုင် စာရေးဆရာ ကျောင်းဆရာမအနေနဲ့ ရင်ဆိုင်ရတဲ့ ပြဿနာတွေ ရှိခဲ့တာပါ။ ကိုယ့် ဘာသာ အကောင်းဆုံးဖြစ်အောင် တာဝန်ယူ ရင်ဆိုင်နိုင်ဖို့တော့ လိုပါတယ်။

ကျောင်းဆရာမ စာရေးဆရာမ တစ်ယောက်အနေနဲ့ အိမ်ထောင်ကွဲသင့် မကွဲသင့်၊ နောက် အိမ်ထောင်သစ် ထူထောင်ဖို့ သင့် မသင့်၊ ကလေးကို အိမ်ထောင်ကွဲ သားသမီး အဖြစ် ခံသင့် မခံသင့်၊ ဆရာ ဆရာမ အနေနဲ့ ကျောင်းသား ကျောင်းသူ နဲ့ အိမ်ထောင်မပြုသင့်တာတွေ…. အထိ ။ နောက်ဆုံး စာရေးဆရာတစ်ယောက် အနေနဲ့ ကိုယ့်လူ့ဘောင်နဲ့ မလျော်ညီတာကို ရေးသင့် မရေးသင့်ဆိုတာတွေဟာ ကိုယ်ကျင့်တရား စည်းဘောင် တွေပါပဲ။ မြန်မာစာပေလောကမှာဆိုရင် အငြင်းအခုန်တွေ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါတွေဟာ အများက သတ်မှတ်လိုက်တဲ့ စံတွေလည်း ဖြစ်ပါတယ်။ (ဒီနေရာမှာ တခြား လူ့ဘောင်က ယဉ်ကျေးမှုစံတွေနဲ့တော့ နှိုင်းယှဉ် စဉ်းစားလို့ မရပါဘူး။)

တနေ့က ကျမရဲ့ မောင်လေးတွေလိုဖြစ်နေတဲ့ လူငယ်တွေနဲ့ စကားဝိုင်းဖွဲ့ဖြစ်တော့ ဒီ ကိုယ်ကျင့်တရားကိစ္စကို ပြောပြ ဆွေးနွေးဖြစ်တယ်။ ယောက်ျားလေးတွေကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ လိင်ကိစ္စကို ကိုယ်ကျင့် တရားနဲ့ သိပ်မပတ်သက်ဘူးလို့ ယူဆသတဲ့။ ဒီနေရာမှာ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိတာကို ဦးတည်ပြီး ပြောကြပါတယ်။ ပြီးတော့ အနုပညာသမား (ရုပ်ရှင် ဂီတ ဇာတ်သဘင်လောက)တွေဟာ လိင်မှုကိစ္စ ပြဿနာတွေ ဖြစ်ရိုးဖြစ်စဉ်မို့ အဲဒီလူတန်းစားရဲ့ အပြုအမူက လူငယ်တွေ အတွက် မထူးတော့ပါဘူး လို့လည်း ဆွေးနွေးပါတယ်။ တချို့ကလည်း ဘသူတွေ ဘာလုပ်လုပ် သူ့အလုပ်အပေါ် တာဝန်ကျေရင် ပြီးတာပါပဲ…တဲ့။ ကျမကတော့ ဒါဖြင့် ဘေးထွက်ဆိုးကျိုး ကိစ္စတွေကို ဘာပြောမလဲ.. ဘယ်လိုဖြေရှင်းမလဲ..ဆိုတာတွေ တွေးနေ မိပါတယ်။

ကျမကတော့ လူငယ်တွေရဲ့ ပတ်ဝန်းကျင်က သူတို့အပေါ် အများကြီး လွှမ်းမိုးတယ် ဆိုတာကို..၊ အထူးသဖြင့် နိုင်ငံ ခေါင်းဆောင်တွေ.. အနုပညာရှင်တွေ.. အသိပညာရှင် အတတ်ပညာရှင်တွေက လူငယ်တွေရဲ့ ကိုယ် နှုတ် နှလုံးကို အများကြီး လွှမ်းမိုး ဖန်တီးနိုင်တယ်ဆိုတာကို.. ယုံပါတယ်။ ဒါကြောင့် အဲဒီလူတွေရဲ့ ကိုယ်ကျင့်တရားရှိမှု၊ ဆင်ခြင်ထိန်းသိမ်းနိုင်မှုဟာ အရေးကြီးတယ်လို့ ယုံပါတယ်။

မေငြိမ်း(ဇူလိုင်၂၅)

1 comment:

Unknown said...

It is right letter.sayama May carry on this yours writing