- ကိုယ့်ပစ္စည်း အစစ်ပါ
- ဇွတ်မလုခဲ့တာ
- အားမတန်လို့ မာန်လျှော့ခဲ့တာ မဟုတ်ဘူး
- အကြမ်းမဖက်ဘဲ နှုတ်နဲ့ဘဲ တဖွဖွပြောခဲ့တာ
- သားရဲ့နာကျင်မှု့တွေကို
- မခံစားနိုင်လို့ပေါ့
- တရားမျှတဆုံးဖြတ်ချမဲ့ မဟော်သဓာ
- အခုတော့ ဘယ်မှာလဲကွယ် ...
- စိတ်မပူနဲ့အမေ
- မဟော်သဓာမလာခဲ့တောင်
- သားအမေအရင်း သားသိတယ်
- အတုရင်ကို စုံကန်လို့
- အမေ့ဆီပြန်ခဲ့မယ်
- အားနဲနဲတော့ မွေးပါရစေ
- နွားပိန်(နပိန်)ဆိုပေမယ့် အချိန်တန်ရင် ကန်တတ်တယ် ...
Thursday, February 28, 2008
သားတရားစီရင်ခန်း
အကောင်းမြင်ဝါဒီ၊ အဆိုးမြင်ဝါဒီ
ကိုယ်နဲ့ အယူဝါဒ အတွေးအမြင်မတူတိုင်း အဆိုးမြင်ဝါဒီလို့ အလွယ်တကူ ခေါင်းစဉ်တပ်လို့ မရပါဘူး။ "ယုံကြည်မှု" ဆိုတဲ့ အတွေးနဲ့ အမြင် ၂ခုအတွက် ဗုဒ္ဓက ကာလမသုတ်မှာ နမူနာယူစရာ ဟောပြခဲ့ပါသေးတယ်။ တံတားတွေဆောက်၊ လမ်းတွေဖောက်၊ ဆည်တွေတည်၊ မြို့သစ်တွေတည်၊ အိမ်ယာတွေလုပ်ပေး၊ ရေတွင်းတွေတူးပေး၊ စီးပွားရေးတွေ တိုးတက်အောင်ကြံစည်ပေး။ ဥပဒေတွေပြဌာန်းပြီး လူ့အဖွဲ့အစည်းကို ကာကွယ်ပေးဆိုတာတွေဟာ ဘယ်စနစ် ဘယ်အစိုးရဖြစ်ဖြစ် မလွဲမသွေ တာဝန်ယူလုပ်ပေးရတာချည်းပါဘဲ။ တကယ့်ကို ကောင်းအောင်လုပ်ပေးခဲ့သလား။ လုပ်ပေးသလိုလိုနဲ့ ပိုပြီး ရုပ်ပိုင်းနာမ်ပိုင်းတွေ ကြပ်တည်းလာသလားဆိုတာ အချိန်က စကားပြောလာပါတယ်။ တကယ့်ကို စေတနာပါပါနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အဓိက လုပ်ပေးခဲ့ရင် ဒီနေ့ မြန်မာပြည်မှာ ဆင်းရဲမွဲတေမှု့တွေ၊ ဆန္ဒပြမှု့တွေ၊ တော်လှန်ရေးတွေ ဖြစ်စရာ အကြောင်းမရှိနိုင်ပါဘူး။
၆၂ခုနှစ်က စတွက်ရင် နှစ်ပေါင်း ၅၀နီးနီး စစ်အုပ်ချုပ်ရေး အဆက်ဆက်နဲ့ မြန်မာပြည်ဟာ ဖြတ်သန်းခဲ့ပါတယ်။ ဒီနှစ် ၅၀နီးပါးမှာဘေးပတ်ဝန်ကျင်က နိုင်ငံနဲ့ ယှဉ်ကြည့်ပါ။ တော်တော်လေး နောက်ကျကျန်ခဲ့တာ မျက်မြင်ကိုယ်တွေ့ပါဘဲ။ ကိုယ့်ရဲ့စနစ်ဇယား စေတနာမှားယွင်းမှု့တွေကို ဖြစ်သမျှ အကြောင်း ပြည်ပကိုလိုလက်သစ်တွေကြောင့်တို့၊ ပြည်တွင်းပုဆိန်ရိုးကြောင့်တို့လို့ အပြစ်ပုံချတာဟာလဲ သဘာဝမကျပါဘူး။ အဓိက တာဝန်ရှိတာက အာဏာလက်ရှိတွေ ပေါ်မှာသာပါ။ ကျွန်တော်တို့ မြန်မာပြည်က အစဉ်အလာအရ ဗုဒ္ဓအယူဝါဒအားကြီးပါတယ်။ ယေဘူယျကြည့်ရင် တော်ရုံဆင်းရဲမှု့လောက်ကတော့ ဗုဒ္ဓအဆုံးအမကြောင့် ခံနိုင်ရည်ရှိပါတယ်။ စိတ်လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်စားသောက်ခွင့်ရရင်ဘဲ ကျေနပ်နေကြတဲ့ "ပြည်ထောင်စု"ကြီးပါ။ အတွင်းသဘောကြည့်ရင်လည်း အတွေးအခေါ် ပညာဗဟုသုတနဲ့ ဉာဏ်ရည်ဉာဏ်သွေးလဲ အဆင့်ရှိတဲ့ "ပြည်ထောင်စုသား" တွေပါ။ အခုတော့ အုပ်ချုပ်သူအစဉ်အဆက်တွေဟာ သာမာန် စည်းစိမ်ယစ်မူးရုံတင်မက၊ မိသားစုတွေရဲ့ နေ့စဉ်ဘ၀တွေထဲအထိ ကျူးကျော်ချုပ်ကိုင်မှု့တွေ ပြုမူလာတော့ မြန်မာပြည်သားတွေဟာ ရုန်းကန်မှု့သဘောတွေ ဖြစ်လာခဲ့တာ။ အဲ့ဒါကို အဆိုးမြင်ဝါဒီတွေလို့ ခေါ်နိုင်ပါသလား။ အခုတော့ ပြည်ထောင်စုကြီးမှာ ဖြစ်နေပုံက စစ်အုပ်ချုပ်ရေးသမားတွေနဲ့ စစ်အုပ်ချုပ်ရေးသမားတွေကို မှီပြီးစီးပွားဖြစ်နေကြတဲ့ ဘာသာရေးအဖွဲ့အစည်းအပါအ၀င် နာမည်အမျိုးမျိုးနဲ့ အဖွဲ့အစည်းအသီးသီးက လူတွေက အကောင်းမြင်ဝါဒီတွေဖြစ်ပြီး၊ ရုပ်ပိုင်းနာမ်ပိုင်း အကြပ်အတည်းပေါင်းစုံနဲ့ ဖြတ်သန်းနေရတဲ့ ကျန်မြန်မာပြည်သားတွေက အဆိုးမြင်ဝါဒီတွေ ဖြစ်နေပါရောလားခင်ဗျာ။ ။
သမိုင်းအစဉ်အလာနဲ့ မဟာရန်ကုန်
ဘယ်ရှု့ထောင့်ကကြည့်ကြည့် ဒဂုန်လို့ တွင်ခဲ့တဲ့ ရန်ကုန်ဟာ မြန်မာပြည်ရဲ့ တစ်ခုတည်းသော "မဟာ" တပ်ခဲ့တဲ့ မြို့တော်ကြီးပါ။သာသနာဘက်က ကြည့်ရင်လဲ ပွင့်တော်မူပြီးသမျှ လေးဆူသော ဘုရားရှင်များရဲ့ ဓာတ်တော်မွေတော်များ စုစည်းခဲ့ရာ၊ မြန်မာပြည်မှာ ဒီဒေသပါ။ သမိုင်းစဉ်ဆက် မတရားမှု မှန်သမျှကို အောင်မြေခံပြီး စတင်တွန်းလှန်ရာ ဒေသကလဲ ဒီမဟာရန်ကုန်ဘဲ မဟုတ်လား ခင်ဗျာ။ ဒီလို ရေခံမြေခံ ဒေသကနေ ဟိုး ပျဉ်းမနားဒေသကို ရွှေ့ပြီး မြို့တော်လုပ်မှတော့ ဒီစစ်အာဏာရှင်မင်းဆက် ကျဆုံးခန်းပေါ့။ "သေချင်တဲ့ကျား တောပြောင်း" ဆိုသလိုပေါ့။ ကြည့်လေ ....
"နေပြည်တော်" လို့သာ အမည်ပေးထားတာ သူ့ချည်းဘဲ မရပ်တည်နိုင်လို့ ကြက်ပြေးနေပြည်တော် လိုလို၊ နေပြည်တော်ပျဉ်းမနား လိုလို၊ နေပြည်တော်လယ်ဝေး လိုလိုနဲ့ တွဲထားရတာလေ။ "နေပြည်တော်" ဆိုတာကလြ ဇာတကထဲက ဥပမာနဲ့ဘဲ ကြည့်ကြည့်၊ မြန်မာ့ အစဉ်အလာဘဲ ကြည့်ကြည့်၊ မပြည့်စုံသေးတဲ့ အမည်ပါ။ ကပ္ပိလ၀တ် နေပြည်တော်တို့၊ ဥက္ကလာပနေပြည်တော်တို့၊ ရတနာပုံနေပြည်တော်တို့၊ အင်းဝနေပြည်တော် စသည်ဖြင့် ပြည့်ပြည့်စုံစုံ အမည်ရှိခဲ့တယ်လေ။ ဒီတော့ မဟာရန်ကုန်ကို သေးသိမ်အောင်လုပ်ရင် လုပ်တဲ့မင်းဘဲ ပျက်စီးမှာ မလွဲပါဘူး။ သမိုင်းကြောင်း၊ ရာသီဥတု၊ ရေခံမြေခံ၊ ပတ်ဝန်းကျင်အနေအထား၊ ကမ္ဘာနဲ့ အ၀င်အထွက်၊ မြို့အင်္ဂါရပ်၊ မြို့တည်စနစ်၊ အစစ ပြည့်စုံတာ ဒီ မဟာရန်ကုန်ဘဲ မဟုတ်ပါလားခင်ဗျား။ အဲ့ဒီ မဟာရန်ကုန်ကို စုံကန်ဖို့ကြိုးစားချိန်က စပြီး "ရွှေဝါရောင် တော်လှန်ရေးကြီး" ကနေ တစ်နေ့ထက်တစ်နေ့ စစ်အုပ်စု ပျက်စီးခြင်းဆီဦးတည်လာလိုက်တာ သူတို့ကိုယ်တိုင် သွားစရာမြေတွေ ဘောင်ကျဉ်းကုန်ပါရော့လား၊ ကိုတေဇကြီးဆိုလဲ ဒုက္ခတွေ တစ်ခုပြီးတစ်ခု ဆက်လာလိုက်တာ ပူတာအိုမှာ အဲပုဂံလေယာဉ် လမ်းချော်၊ ဟော .. ဖအေကြီးပါ ပြည်တွင်း ပုဂ္ဂလိက ဆေးခန်းလေးမှာ ဂန့် (စလုံးဆေးရုံလေးတောင် မသွားလိုက်ရဘူး ဆိုးချက်က)၊ အော် ပြောရအုန်းမယ် နမိတ်တွေစောင့်နေတဲ့သူဆိုတော့ ဒီဖေဖော်ဝါရီလထဲ လတစ်ဝက်ကစပြီး အပြင်မှာ ရောင်းနေတဲ့ ခိုးကူးခွေထဲမှာ ဟို ဒို့တာဝန်အရေး၃ပါးတို့ နိုင်ငံတော် ဘာညာဘာညာဆိုတဲ့ ငှက်ဆိုးသံကြီး မပါကြတော့ဘူး သိလား။ ကိုယ့်ဟာနဲ့ကိုယ် ဖြုတ်ပစ်လိုက်ပြီး သီချင်းတွေ ဘာတွေ တန်းကူလိုက်ကြတာလေ (အရင်ကဆို စလယ်ဆုံး ဒီအတိုင်းကူးပြီးရောင်းကြတာ) ဘာကြောင့်ဘဲ ဖြစ်ဖြစ် သူတို့ရဲ့ ရေပေါ်ဆီ မူဝါဒတွေ တစဆီ တစဆီ ပြုတ်ပြုတ်လာတာကိုက နမိတ်ဖြစ်နေပြီလေ။ ပြောရအုန်းမယ်ဗျာ .. အရပ်ထဲမှာလဲ ဟို ဘုတ်အုပ်ကြီးလို ကန့်ကွက်မဲထည့်ကြဖို့ နည်းလမ်းတွေ တိတ်တိတ်ကလေး ပျံ့နှံ့နေလေရဲ့။ နောက်တစ်ခုက ဟိုဆေးပညာဦးစီးက အကောင်ကြီးကြီးတစ်ယောက် အသည်းကင်ဆာဖြစ်နေလို့ "စ" လုံး ဆေးကုဘို့အားလုံးစီစဉ်ပြီးရက်ချိန်ပြီးကာမှ တပ်ချုပ်ကြီးက မသွားရဘူးဆိုလို့ မိသားစုတွေက သေမဲ့ရက်ကို ထိုင်စောင့်နေရတယ်ဆိုပြီး ရင်ခံနေကြသံလဲ ကြားရတယ်လေ။ ဘာတွေ ချောင်ပိတ်ကုန်ပြီလဲတော့ မသိရဘူး။ ဇာတ်လမ်းကတော့ စနေပြီ။
Monday, February 25, 2008
ပစ္စုပ္ပန်
ဦးနှောက်ကစေစား နှလုံးသားက အရင်းခံ ပြီး မွေးထုတ်ပေးလိုက်တဲ့ အထင်ကရ စာမျက်နှာတွေ အချိန်ရဲ့ ဖိစီးမှုတွေ အောက် တစ်စစပျောက်ကွယ်ကုန်ကြတယ်.။နှမျောစရာကောင်းတာက သူတို့ရဲ့တွယ်တာမှု ၊ထိန်းတဲ့ကြားက ပွင့်အန်လာကြ ။နောက်ဆုံး ရင်လေးစရာအနာဂတ်ထဲ ၀ကွက်အပ်လိုက်ပြန်တယ်။ ဘယ်ကိုသွားသွား ဘယ်မှာကြည့်ကြည့် နေ့ စဉ်ရက်ဆက် တွေ့ လိုက်ရတာက နှုတ်ထွက်စာတွေ ဒလဟော..။
ဒီထဲမှာ အိမ်သူအိမ်သားတွေ ဘဲများပါတယ်.။ဒါသူတို့  အပြစ်မှမဟုတ်တာ ကိုး ၊ သဘာဝကျတယ်လို့  ဘဲ ဆိုကြပါစို့  ..။မူမမှန်တဲ့ အတွေး သွေးကအရောင်ပြောင်းတော့ ခေတ်လူငယ်ဆိုတာ ဘလော့ဂါတွေ ကြားတစ်ပိုင်းတစ်စတဲ့လား.။အိုကြီးအိုမဆိုတော့ ကောလဟာလဆိုလည်း ယုံလိုက်ကြတာ ထိန်းနိုင်သိမ်းမရ.။စောတယ်လို့  ထင်တယ်ဆိုရင်လည်း ပြီးခဲ့တဲ့ စက်တင်ဘာကိုတောင် ၂၀၁၀ မှစမယ့် သဘော..။တကယ်ဆို ပိုးစား နေတဲ့သွားကိုအင်ကတည်းက နှတ်ပစ်သင့်တာ..။ခုတော့ အချိန်တွေသာနှောင်း ခေတ်တွေသာဟောင်းသွားတယ် တော်လှန်ရေးရဲ့လေသံ ရေးရေးတောင်မမြင်။ဆွန်ယက်ဆင်..၊ဂန်ဒီနဲ့ ဗိုလ်ချုပ်သာသိရင် ခံရခက်လိုက်လေခြင်း..။လေဘယ်လောက်ပြင်းပြင်း ၊မုန်တိုင်းဘယ်လောက်ထန်ထန် မျိုးဆက်သစ်တို့ မည် သည် ရဲရဲတောက်မြဲသာ................´.............´.............´။။။။။။
Friday, February 22, 2008
ရသစုံ ရမ်ဘို ဇာတ်လမ်း
ယခု ကမ္ဘာပတ်နေတဲ့ ရမ်ဘိုကို ကျွန်တော်တို့ မှုန်ဝါးဝါးနဲ့ဘဲ အမှောင်တိုင်းပြည်ရဲ့ အမဲကမ္ဘာထဲမှာ ခြောက်ခြောက်ခြားခြား ကြည့်ခွင့်ရခဲ့ပါတယ်။ စစခြင်းဆိုသလိုပါဘဲ ၂၀၀၇ ရွှေဝါရောင် အပိုင်းအစတွေ၊ ၈၈ ရဲ့ ကျောင်းသားပြည်သူတွေရဲ့ သွေးစက်တွေကို ကြည့်လိုက်ရပါတော့တယ်။ ဖြစ်စဉ် နှစ်ခုလုံးမှာ မျက်ဝါးထင်ထင် ကိုယ်တိုင်တွေ့ခဲ့ရသူအဖို့ ဘာပြောကောင်းမလဲ .. မကျက်သေးတဲ့ အနာ ထပ်ပြီး အနင်းခံလိုက်ရသလိုပါဘဲ။ ရင်ထဲ တဆစ်ဆစ်နဲ့ မနေ့တစ်နေ့ကအတိုင်း ရသတစ်မျိုးပေါ့၊ စာတမ်းလေးထိုး ဇာတ်လမ်းလေးအစမျိုးတာနဲ့ မြန်မာစစ်တပ်ဘဲဆိုပါစို့(ဇာတ်ကားထဲမှာ မြန်မာစစ်ဝတ်စစ်စား စစ်ကား စစ်လက်နက်ကိုင်တွေ) အဲ့ဒီ မြန်မာတပ်ကလယ်ကွင်းတစ်ခုထဲမှာ ရွာသူရွာသားတစ်စုကို ("အပြတ်ရှင်းပစ်လိုက်") လို့ မြန်မာလိုပြောပြီး သတ်ခိုင်းလိုက်တာ မျက်စိထဲမှာ ....
ဟိုး .. ..
ကိုဆိုဗိုမှာ ဆာဘ်တွေက အယ်လ်ဘေးနီးယား လူငယ်တစ်စုကို သတ်လိုက်တဲ့ မှတ်တမ်းခွေလို၊ ဟိုး ကရင်ပြည်နယ်ကရင်နယ်သား ဒေသခံတွေကို တပ်က ရှင်းပစ်လိုက်သလို ခံစားလိုက်ရပါတယ်။
အဲ့ဒီအထိကတော့ စိတ်ထဲ ဘာရယ်ညာရယ်မဟုတ်သေးပါဘူး။ ဆက်ကြည့်ရင်း သိတဲ့အတိုင်း ရမ်ဘို ၁,၂,၃ အတိုင်း ဖဲ့တော့တာပါဘဲ။ အရင်ကားတွေတုန်းကတော့ လူငယ်ပီပီ ကြည့်ကောင်းတာပေါ့။ ကိုယ့်နိုင်ငံမှ မဟုတ်ဘဲလေ။ ခုဟာက ကိုယ့်မြန်မာနိုင်ငံတော်ကြီးက ဇာတ်လမ်းမှာ အဓိက အသက်သွေးကြောကြီးလေ။ ဆိုပါတော့ ကြည့်နေရင်းဘဲ ကိုယ့်စိတ်ထဲက ဖြစ်ချင်တဲ့ အတိုင်းရမ်ဘိုကြီးက ဖဲ့ပြနေတော့ ရွှေဘကားကြည့်နေရသလို လက်ခုပ်ဘဲ တီးရမလိုလို၊ ဗြုန်းဆို ဖြင်းကနဲဖြစ်သွားပြန်ရော၊ မကျေနပ်စိတ်၊ ဒေါသစိတ်၊စိတ်မကောင်းစိတ်ပေါ့။အတွင်းစိတ်မှာ မကြိုက်ပြန်ဘူး။ အဲ့ဒါ မျိုးချစ်စိတ်၊ ပြောရရင် တိုင်းပြည်ချစ်စိတ်ပေါ့။ တကယ်က ကိုယ့်တိုင်းပြည် ဒီလို အရိုက်ခံရတာ မကြိုက်ပါဘူး။ ဒါပေမယ့် ၂၀၀၇ ရွှေဝါရောင် ကိစ္စဟာ ကမ္ဘာမှာပြန့်နှံ့သလိုပါဘဲ။ ၂၀၀၈ ရမ်ဘိုလဲ ပြန့်နှံ့နေခဲ့ပြီလေ။ စေ့စေ့တွေးကြည့်တော့ မူလဇစ်မြစ်က စစ်အာဏာရှင်စနစ်ကြောင့် ဆိုတာပါဘဲ။
ပင်လုံအခြေပြုခဲ့တဲ့ ဗိုလ်ချုပ်တို့ သဘောတူညီချက်၊ အားလုံးရဲ့ ဆန္ဒကို အကောင်အထည်ဖေါ်ဖို့ အစဉ်အဆက် ပျက်ကွက်ခဲ့တာ ဒီစစ်အစိုးရဘဲ မဟုတ်လား၊ သေးမွှားတဲ့ အကြောင်းဘဲဖြစ်ဖြစ်၊ ကြီးမားတဲ့ ကိစ္စမှာဘဲဖြစ်ဖြစ် လက်နက်မဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အပေါင်းကို အကြမ်းဖက်နှိပ်ကွပ်ခဲ့တာလဲ ဒီစစ်အစိုးရဘဲလေ။ စစ်အစိုးရရဲ့ အာဏာအတွက် အကြမ်းဖက်မှု့က ရုပ်ရှင်ထဲကအတိုင်း ဒါ့ထက်တောင် ပိုသေးဘဲ မဟုတ်လား။တကယ်တော့ဗျာ .. ကျွန်တော်တို့ မြန်မာပြည်ကြီးရဲ့ ပုံရိပ်ပျက်ခဲ့တာ ဟိုးသီပေါဘုရင်လက်ထက်ကထဲက ခုချိန်ထိပါဘဲ။ ဒီအာဏာအတွက်ဘဲ သီပေါဖြစ်လာဖို့ သွေးရင်းသားရင် ၄၀ ကျော်သေပေးခဲ့ရ၊ ဒီအာဏာအတွက်ဘဲ ဗိုလ်ချုပ်တို့ အသက်ပေးခဲ့ရ၊ အဲ့ဒိ အသက်တွေကို ဘယ်ပြည်ပ မျက်နှာဖြူကမှ လာသတ်တာ မဟုတ်ဘူးလေ။ ဒီအာဏာအတွက်ဘဲ ဒီစစ်အုပ်စုကလဲ ကတိအမျိုးမျိုးဖျက် ပြည်သူပြည်သားလဲသတ်၊ အချင်းချင်းလဲသမ၊ လုပ်ဖေါ်ကိုင်ဖက်ချင်းလဲချ၊ မိသားစုအဖွဲ့ဝင်၊ တပည့်သားချင်းတွေပါ အမြစ်ဖြတ်နဲ့ နောက်ဆုံး ဒီရမ်ဘိုကားကြီး အရိုက်ခံရတော့တာပါဘဲ။
ဒီဖြစ်စဉ်ကြီးရပ်သွားမဲ့အချိန် ကျွန်တော်တိုပတောင် ရှိပါအုံးမလား တွေးမိပါရဲ့ ခင်ဗျာ ... နောက်ဆုံးဘာစဉ်းစားမိလဲဆိုတော့ ငါတို့ စစ်တပ်သာလျှင် ဒီတိုင်းပြည်ကို အဓိက အုပ်ချုပ်နိုင်မယ်ဆိုတဲ့ အယူအဆရှိနေသ၍ ဒီမြေပေါ်မှာ ဘယ်တော့ ငြိမ်းချမ်းတိုးတတ်တဲ့ တိုင်းပြည် ဒါမှမဟုတ် ပြည်ထောင်စု ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာပါဘဲ။ တစ်နေ့နေ့ တစ်ချိန်ချိန် ကင်ညာလို၊ ရ၀မ်ဒါလို၊ သီရိလင်္ကာလို၊ ပါလက်စတိုင်းလို ပိုမိုကျယ်ပြန့်တဲ့ အနိဠာရုံကြီးတွေ ဖြစ်လာမှာပါဘဲ။ အဆင်မသင့်လျင် ဘယ်ပြည် ဘယ်တိုင်းက ဘယ်ဒေသက ကိုဆိုဗို အသစ်ဖြစ်လာမလဲ ဆိုတာ မပြောနိုင်ပါဘူး။ အဖြစ်မခံနိုင်ဘူးလို့ ပုံသေပြောလို့မရပါဘူး။ ဖြစ်လာခဲ့ရင်တော့ ဒီစစ်အာဏာရှင်စနစ်က ပေါက်ဖွားလာတဲ့ရလာဒ်လို့ဘဲ ပြော၇မှာပေါ့။ စကတည်းက ညီတူညီမျှ စိတ်ဓာတ်မှမရှိဘဲ စစ်တပ်ကချည်းဘဲ လူတွေ မဟုတ်ဘူးလေ။ ကျန်ဒေသသားတွေလဲ လူတွေဘဲမဟုတ်လား၊ ခေါင်းတွေပါတယ်လေ။ အဲ့ဒီတော့ မြန်မာ့မြေမှာဒုတိယမြောက် ချေချင်ညာဖြစ်လာဖို့ နီးနေပြီပေါ့ ...
ပြီးတော့ အနာဂတ်မှာ မြန်မာ့မြေမှာ စစ်ပွဲတွေဖြစ်လာရင် လွန်ခဲ့တဲ့နှစ်တွေလို မဟုတ်နိုင်တော့ပါဘူး။ ဆန်းပြားတဲ့ လက်နတ်တွေ ငါ့တို့စစ်တပ် မှာဘဲရှိတယ်။ ဒေသသားတွေမှာ မရှိဘူးလို့ ထင်ထားလို့ မရနိုင်ပါဘူး။ တစ်ချိန်ချိန်မှာ ဒေသသားတွေမှာလဲ ဟိုး .. ပါလက်စတိုင်းသားတွေလို ၊သီရိလင်္ကာတမီးလ်တွေလို ပညာအရည်အချင်းက အစ လက်နက်အဆုံးအစ တိုးတတ်လာခဲ့ရင်? ဆိုတာကိုထည့်စဉ်းစားရမှာပါ။ဒီတော့ ရမ်ဘိုကိုကြည့်ရင်း အတွေးပွားမိတာကတော့ ဒီစစ်တပ်က ဒီအချိုးနဲ့ ဇွတ်ရှေ့သွားမယ်ဆိုရင် ရှေ့အနာဂတ်မှာ ရုပ်ရှင်ထဲက ပြည်ပက ရမ်ဘိုတွေတင်မဟုတ် ဒေသသားတွေထဲမှာပါ ရမ်ဘိုတွေ အများကြီဒထွက်လာနိုင်တယ်လို့ ထင်မိပါရဲ့ခင်ဗျား .. ထပ်တူမဟုတ်တောင် ဆွေမျိုးနီးစပ် ပုံစံပေါ့ .. တစခုသတိပြုလို့ ရတာက မြန်မာပြည်သားတွေဟာ မြောက်ကိုရီးယာသားတွေလို မဟုတ်ဘူးဆိုတာပါပဲ။ ။
နှစ်သောင်းတစ်ရွှေ မီးလိုမွှေ
ချစ်စနိုးတော့ ဟုတ်ဟန်မတူပါဘူး။ အရပ်ထဲပြောကြတာလေ။ မြန်မာပီပီပေါ့ [နှစ်သောင်းတစ်ရွှေ မီးလိုမွှေသတဲ့] အဲဒီ နှစ်သောင်းက ဦးအောင်သောင်းနဲ့ ဦးသောင်းဆိုဘဲ၊ ရွှေကတော့ သိကြတဲ့အတိုင်းပေါ့။ ကိုသန်းရွှေကြိးလေ။ အင်း .. ဒါကြောင့်ထင်ရဲ့ ခုကာလ ရွှေဈေးက ခြောက်သိန်းနားပြေးနေချိန် ဒီရွှေက နှစ်သောင်းဘဲတန်တော့ ကျပ်မပြည့်တဲ့ ရွှေနေမှာပေါ့။ မိုးကြိုးရွှေက ပိုတန်နေမလားဘဲ။
တချို့ဆရာတွေက ပြောပါသေးတယ်။ မြန်မာပြည်က သဘာဝဘေးအန္တရာယ် တော်တော်နဲပါသတဲ့။ တခြားတိုင်းပြည်တွေထက်စာရင်တဲ့ ဘာသာသာသနာ ကြောင့်လိုလို၊ ပထ၀ီအနေအထားကြောင့်လိုလိုနဲ့၊ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ မီးတောင်တွေ၊ ငလျင်တွေ၊ မြစ်ချောင်းတွေ၊ ဆူနာမီတွေလာစရာ ဖြစ်စရာမှ မလိုတော့တာ။ သူတို့ထက် မနှိုင်းသာအောင် ဆိုးရွားဖျက်ဆီးတဲ့ လူအန္တရာယ်ကြီးတစ်ခုလုံးဖြစ်နေမှတော့ ကျန်တာတွေက အသေးအမွှားပေါ့။ စာထဲပါတဲ့ ကပ်ကြီး၃ပါးမှာ နောက်တစ်ပါး သန်းရွှေကန္တာရကပ် ပါထပ်ထည့်ရအုံးမှလို့ဆိုရင် သဘောတူရဲ့နော်။
ကိုသန်းရွှေတို့များ သူ့သားသမီးမြေးမြစ်တွေသာ နိုင်ငံတကာစံနဲ့ပြည့်လို့ အဖြစ်မရှိရင်သာနေရမယ်။ သူ့အချင်း သူ့အဆင်းနဲ့ ဖြစ်နေတဲ့ အန်တီစုကြတော့ နဲနဲနောနော ဣသာမစ္ဆရိယ မဟုတ်လား။ သေသေချာချာတွေးကြည့်ကြစမ်းပါဗျာ .. ကိုသန်းရွှေတို့ မသေခင်မှာတင် အန်တီစု မီးလောင်ကျွမ်းနေတာ သေရင် အ၀ိစီကတော့ စာတောင်မဖွဲ့လောက်တော့ပါဘူး။
ကြုံတုန်းပြောရအုန်းမယ်။ ပြောခြစ်နေတာတော့ကြာပါပြီ။ တရုတ်စကားပုံလို့ပြောတာဘဲမှတ်ဘူးပါရဲ့။ လူပုသုံးယောက်ပေါင်းပြီးရွာထဲဝင်ရင် ရွက်ပျက်ရောတဲ့။ ခုလဲကြည့်လေ မိန်းမကပါးရိုက်ထားလို့ လေဖြတ်ထားတဲ့အသံနဲ့ ကိုကျော်ဆန်းကြီးရယ်။ နွားကိုကျော်ပြီးလူမှာ ကျထားသလား ထင်နေတဲ့ဒေါင့်သန်းရောဂါ ဝေဒနာရှင်ကြီး ဂျပုသန်းရွှေရယ်။ လော်ဂရမ်သမ်ကျကွဲတဲ့ ပညာတတ်ကြီး ဦးသောင်းရယ် ပေါင်းမိမှတော့ ဒီတိုင်းပြည်မပျက် ဘယ်တိုင်းပြည်ပျက်မလဲနော်။ ဒါတောင်ဟို အရက်ဖောကလေးမသာ မျက်နှာနဲ့ ဌေးဦးမပါသေးဘူး။
စာဖတ်သူတို့ စဉ်းစားကြည့်ဖို့ ပြောပါတယ်။ လူဆိုတော့ လူပတ်ဝန်းကျင်နဲ့ နေရတာမဟုတ်လား။ အပေါင်းကြောင့်ဂုဏ်တတ်၊ အပေါင်းကြောင့်ဂုဏ်ပျက် ဆိုရိုး ကလဲရှိမဟုတ်လား။ တကမ္ဘာလုံးပါတ်ကြည့်စမ်းပါဗျာ။ သူတို့ ပါးယက်နားယက်လုပ်နေတဲ့ ရုရှားတို့၊ တရုပ်တို့၊ကုလားတို့နဲ့ပေါင်းလို့ဘယ်တိုင်းပြည်များ အရောင်ထွက်လို့လဲ။ ရုရှားနဲ့ ပေါင်းခဲ့တဲ့ ခပ်မွဲမွဲ အရှေ့ဥရောပအုပ်စုဘဲ ကြည့်ကြည့်၊ ဟို တရုတ်နဲ့ပေါင်းတဲ့ မြောက်ကိုရီးယားတို့၊ ဆူဒန်တို့၊ ကမ္ဘောဒီးယားတို့ (ဗီယက်နမ်ကတော့ အမေရိကန်နဲ့ ပေါင်းနေပါပြီ) ဘဲကြည့်၊ ရုရှားရဲ့ အမာခံကြီး ကျူဘားဘဲကြည့်ကြည့်၊ နှစ်တွေသာကြာလာတယ် အရောင်ကိုမထွက်ဘူးလေ။
ဘုရားတောင်မှ အမှီကလေးနဲ့ ပွင့်တော်မူခဲ့တာမဟုတ်လား၊ ပေါင်းခြင်းပေါင်း အရောင်ထွက်နိုင်တဲ့သူနဲ့ ပေါင်းရမှာပေါ့။ မဟုတ်ဘူးလား။ ပုထုဇဉ်တွေဖို့ ပြီးပြည့်စုံအောင်တော့ ဘယ်အရာကမှ မရှိဘူးဆိုတာတော့ လက်ခံထားရမှာပေါ့။ ဟိုတရုတ်ခေါင်းဆောင်ကြီးဘဲ ပြောခဲ့သေးတယ်လေ "လေကောင်းလေသန့် ရှုဖို့ တံခါးဖွင့်မှတော့ ညှော်နံ့နဲနဲဝင်မှာကိုတော့ စိုးရိမ်နေလို့ မရဘူး။ ကိုယ့်ဟာကို ကာကွယ်ရမှာပေါ့" အဲ့ဒါ သူတို့ အဖေဘဲ ပြောခဲ့တာလေ။
ပြောလက်စနဲ့ ပြောရပါအုံးမယ်။ ဟို ဖော်လံဖား ခပ်ပင့်ပင့်နဲပ သတင်းစာထဲ ဆောင်းပါးတွေရေးပြီး (ငါးပူတင်း မင်းစေတို့ ကျောက်ခဲစီဆရာတော်တို့ စသည်ဖြင့်ပေါ့) ပါပစ်တွေ လျှောက်စားတဲ့သူတွေ ရေးသလို နိုင်ငံတွေပြိုကွဲကုန်တာ ခေတ်သစ်ကိုလိုနီလက်သစ်တွေသွေးထိုးလို့တဲ့ အူကြောင်ကျားကောက်ချက်မျိုးတွေကြောင့် ကျွန်တော်တို့ တိုင်းပြည်နွံနစ်နေတာ မဟုတ်လားခင်ဗျာ။
အဲဒီပြိုကွဲပါတယ်တို့၊ ပြည်တွင်းစစ်ဖြစ်ပါတယ်တို့၊ မငြိမ်းချမ်းပါဘူးဆိုတာတွေဟာ သေသေချာချာ အကဲခပ်ကြည့် အာဏာနဲ့ လက်နက်လက်ထဲကိုင်ထားပြီး ကိုယ့်ပြည်သူတွေကို ရမ်းချင်တိုင်းရမ်ခဲ့တဲ့သူတွေ အုပ်ချုပ်ခဲ့တာချည်းဘဲ မဟုတ်လား ဘယ်အရင်းရှင် တိုင်းပြည်ပြိုကွဲတာမြင်ဘူးလို့လဲခင်ဗျာ .. သူတို့ အမွှန်းတင်ခဲ့တဲ့ ကွန်မြူနစ်တို့ ဆိုရှယ်လစ်တို့ဆိုတဲ့ တိုင်းပြည်တွေဘဲ ပြိုကွဲကြတာ မဟုတ်လား။ ခုကြည့် ကျွန်တော်တို့ တိုင်းပြည်ကိုလေ "ပြည်သူအများစုလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး" ဆိုပြီး စဉ်းစားကြည့် သူတို့က လိုလားတာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်လေ။ တကယ်တော့ စနစ်တွေ မူဝါဒတွေက အဓိက မဟုတ်ပါဘူး(အပြန်အလှန်တော့ ရှိသပေါ့) လူကိုက အသုံးကိုမကျတာ၊ ကိုယ်ညံ့တာကို ၀န်မခံချင်တော့ ပေါက်ကရတွေပြောနေတာလေ။
ဒီတော့ မူမကောင်းလို့ကတော့ ဘာအခြေခံဥပဒေဘဲလုပ်လုပ်၊ ဘာစနစ်နဲ့ဘဲလုပ်လုပ် ဒါပါဘဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နောက်ဆုံး ပျက်အုန်းမှာပါဘဲ။ ဒါပေယ့် ပြောလက်စနဲ့ ပြောရအုန်းမယ်။ အဖြစ်မရှိတဲ့လူများ စာကမတက် ခေါင်းကမရှိ အရပ်ကအော့ကြောလန် ဟင်းခွက်ကတော့ ရှေ့နောက်မကြည့် အကုန်အုပ် လူကြားသူကြား ပွဲလမ်းသဘင်ကြတော့ မသွားရဲတဲ့ ဆင်ခြေဆင်လက်နဲ့ လူလိုဘဲ။ ကျွန်တော်တို့ခေါင်းဆောင်ကြီးလဲ ဘာထူးလဲနော့။မနာလိုစိတ်သာ များတာ စပြီးနေရာလေရတုန်း ဟိုဟိုဒီဒီလေးခဏလား ရောက်လိုက်တယ်။ နောက်ဘယ်တိုင်းပြည်ဘာပွဲလုပ်လုပ် ဘယ်မှာသွားရဲတော့လို့တုန်း ထိုင်တာကြာလို့ သွေးစုနာဘဲပေါက်သလိုလို၊ အ၀ါးများလို့ ချွဲဘဲဆို့သလိုလိုနဲ့ လူတောမတိုးပုံများ၊ စစ်သားဘဲဗျာ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ခပ်တည်တည်ပေါ့။ အဲ့ဒါကြောင့် ဟို စလုံးက အဘိုးကြီး လီကွမ်ယုကပြောတာ "အားလုံး ရေခံမြေခံကောင်းရဲ့နဲ့ တိုင်းပြည်မွဲနေတာ အုပ်ချုပ်သူခေါင်းမကောင်းလို့" တဲ့ ကြည့်စမ်းသမိုင်းနဲ့ ချီပြီးရှက်ဖို့ ကောင်းလိုက်တာ မျိုးကို ကန်းရော။ ကျွန်တော်သာဆို သံတမန်ဖြတ်ရင်ဖြတ်၊ မဖြတ်ရင် လျော့ချလိုက်ပြီ။
ဒါပေမယ့်လေ သူတို့နေရာက စဉ်းစားကြည့် ဘယ်လုပ်ရဲမလဲ ကုပ်ချောင်းချောင်း ဆေးကုသွားဖို့ကလဲ အဲ့ဒီနေရာဘဲ ရှိတာမဟုတ်လား။ ပြည်တွင်းက ဆရာဝန်ကျ တော့ အထင်ကိုမကြီးတာ ကြောက်ကလဲကြောက်တယ်လေ။ မတော်အဆိပ်ထိုးထဲ့လိုက်တော့ ဒုက္ခ။
ပြောချင်တာတွေက အများကြီး အချိန်က သူသူကိုယ်ကိုယ် ရုန်းနေကြရတော့ အဆီအငေါ်မတည့်ပုံတွေကို နောက်မှ ဆက်ပြောပါအုန်းမယ်။
Tuesday, February 19, 2008
ပြည်တွင်းဖြစ် ကိုလိုနီ
ကျနော်တို့ အသက် ၄၀ တန်း ၅၀ တန်း ၀န်းကျင်ရှိနေတဲ့ လူတွေ (၀ါ) ပြည်သူအများစုဟာ သူတို့ တချိန်လုံး ပြောပြောနေတဲ့ အင်္ဂလိပ်ခေတ်၊ ဂျပန့်ခေတ်၊ နယ်ချဲ့ကိုလိုနီ၊ ယ္ခုခေတ်သစ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ ကိုလိုနီ လက်သစ်ဝါဒ ပရိယာယ် စသည်ဖြင့်ပေါ့ဗျာ .. အဲ့ဒါတွေ တကယ့်လက်တွေ့မျက်တွေ့ မဟုတ်ခဲ့ပါဘူး။ ကြားနာ မှတ်သားရတာတွေချည်းပါ။
တကယ့်မျက်ဝါးထင်မြင်ခဲ့ကြားခဲ့၊ လက်တွေ့ခံစားမှုကတော့ စစ်အုပ်ချုပ်မှု့ ၂၆နှစ်နဲ့ အနှစ် ၂၀ (၂၀၀၈အထိ) မြင်ကွင်းတွေပါ။ နှစ်ခုပေါင်း ၄၆နှစ်အတွက် ဘယ်သူ့ပြည်သူ့အာဏာမှ မဟုတ်ဘဲ စစ်အာဏာရှင် အစဉ်အဆက် အုပ်ချုပ်ပြီး ကိုယ့်အုပ်ချုပ်မှု့ တဖက်စောင်းနင်းကျမှု့ကြောင့် တိုင်းပြည် ဆင်းရဲမွဲတေ(ပြာကျ) ခဲ့တာ မျက်မြင်ကိုယ်တွေ့ပါ။
ဒေသအသီးသီးက အရင်းအမြစ်မှန်သမျှ စစ်အာဏာရှင်တွေ အဓိက အခြေပြုဒေသ အတွက်သာ ဦးစားပေးဦးတည်လုပ်ခဲ့တာကြောင့် တိုင်းပြည်နွံနစ်တာလေ၊ ဥပမာဘဲကြည့် .. ကယားတို့ဒေသ လွိုက်ကော်က လောပိတရေအားလျှပ်စစ်ထွက်သမျှ လွိုက်ကော်ကို အမှောင်ထုထဲထားပြီး ရန်ကုန်ဒေသအတွက် အဓိကသုံးခဲ့သလို၊ ယ္ခု နေပြည်တော်ဒေသအတွက် ဖြစ်သွားပြန်ပြီလေ။ မိုးကုတ်ဒေသက ထွက်တဲ့ ကျောက် မိုးကုတ်ဒေသအတွက် ဘာဖြစ်ခဲ့ပါသလဲ။ ရခိုင်၊ မုတ္တမက ထွက်တဲ့ ရေနံဓာတ်ငွေ့ အဲ့ဒီဒေသမှာ ဘာတွေ သုံးခဲ့ပါသလဲ။ ဧရာဝတီက လယ်သမား ဘာကြောင့် ဆန်ကွဲနဲ့ နှစ်ပါးသွားနေရသလဲ။
ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းတောင်တန်းကထွက်တဲ့ သစ်အကျိုးအမြတ်တွေ အဲဒီ့ ဒေသအတွက် ဘာများတောက်ပြောင်စေခဲ့ပါသလဲ။ တကယ်တော့ မြန်မာပြည် ဘယ်အရပ်က ဘာထွက်ထွက် တိုင်းတပြည် ဘက်ပေါင်းစုံ တိုးတက်မှုအစား စစ်အာဏာကို အထောက်အပံ့ဖြစ်စေမယ့် အရာတွေ အတွက်သာ လုပ်ခဲ့တာချည်းပါ။ ရုရှားကို နူကလီယား ပညာသင်လွှတ်ပါသတဲ့ အရပ်သား ပညာတော်သင် ထက်မြက်သူ တစ်ယောက်မှ မပါဘူး။ စစ်တပ်ကချည်းဘဲလေ။ ဘာကုမ္ပဏီ ညာကုမ္ပဏီ ဘာတူးဖော်ရေး ညာတူးဖော်ရေး တပ်မိသားစုနဲ့ တပ်မိသားစု ဆက်နွယ်သူချည်းပါဘဲ။ ပြင်ပပြည်သူအများစုအတွက်တော့ မဖြစ်စလောက် မြေကွက်ကလေး၊ ဟမ်းဖုန်းလေး၊ ပါမစ်အသစ်စားလေးနဲ့ ချွေးသိပ်၊ ညာခိုင်း၊ ခြောက်ခိုင်း ခဲ့တာချည်းပါဘဲ မဟုတ်လားခင်ဗျာ ..
ဘာသာရေးကအစ အဖက်ဖက်က စစ်အာဏာရှင်ကို ကျားကန်ပေးတဲ့ ဒေါက်တွေချည်းဘဲ ဖန်တီးခဲ့တာလေ။
ခုဘဲကြည့်လေ .. နေပြည်တော် (စစ်အာဏာရှင်ရဲ့ဒေသ) စည်ပင်ဖို့ ရန်ကုန်က တိရိစ္ဆာန်ဥယျာဉ်က သတ္တ၀ါလေးတွေ ဟိုကိုရွှေ့တယ်လေ။ မသကာ တခြားက ရှာထည့်ပေါ့။ နောက် ရန်ကုန်မြို့တော်ဝန်ရဲ့ ညီမဈေးဝယ်ထွက်တာ ဈေးသည်နဲ့စကားများလို့ မနက်-၆နာရီ ကနေ ညနေ၆-နာရီ လမ်းဘေးဈေးဆိုင်မထွက်ရဆိုဘဲ ... ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းသူတွေ ဘာနဲ့ထ္မင်းသွားစားမလဲ ။ အဲ့ဒါကိုက ပြဿနာလေးတစ်ခုရဲ့ အစပေါ့။ အဲ့ဒါ အသေးအဖွားလေးဘဲရှိသေးတယ်။
အဲ့ဒီ ကိုယ့်ရဲ့ တဖက်စောင်းနင်းကျမှု့တွေကို အသိဝင်လာတဲ့ တတ်၊သိ ပညာရှင်တွေက တစတစကို နည်းမျိုးစုံနဲ့ တွန်းလှန်လာကြတာ ဘယ်ပြည်ပ ပယောဂကမှ သွေးထိုးစရာ မလိုပါဘူး။ အဲ့ဒီတော့ စစ်အာဏာရှင်ရဲ့ အမူအကျင့်တွေ မပြောင်းလဲသ၍ နောက်ထပ် နောက်ထပ် နှစ်ဘယ်လောက် ကြာကြာ ၁၀စုနှစ်လား ရာစုနှစ်ကြာပါစေ တွန်းလှန်မှုက ဆက်ရှိနေမှာပါ။ ၈၈ ကျောင်းသား အရေးအခင်း တော်လှန်ရေးဟာ ဘယ်ပြည်ပ ပယောဂမှ မဟုတ်ပါဘူး။ ဖိလွန်းလို့ ကန်တက်လာတဲ့ စပလိမ် အာဏာကြောင့်ပေါ့။ အဲ့ဒီ အချိန်တုန်းက ဦးဆောင် ဘယ်နိုင်ငံရေး အစဉ်အလာ လူကြီးတွေက အုံကြွကြပါစေလို့ လမ်းညွှန်ခံရတာ မဟုတ်။ အန်တီစုတောင် ကိုယ်ရေးကိုယ်တာနဲ့ ရောက်ခိုက် ထဲထဲဝင်ဝင် ဖြစ်လာခဲ့တာ (ဂရုဏာရှိလွန်းလို့ပါ။)
၂၀၀၇ သံဃာတော်တွေရဲ့ ရွှေဝါရောင် ကိစ္စကကော အဲ့ဒီကာလ မတိုင်ခင်မှာ ကိုမင်းကိုနိုင်ကြီး အပါအ၀င် အဖွဲ့လိုက်ကြီး အထဲမှာ ခေါ်စိထားတာ၊ အန်တီစုကြီးးကိုလဲ သူတို့ ချုပ်ထားတာတို့ဟာ လက်နက်မဲ့ပြည်သူတရပ်လုံးကို ဘယ်ကောင်မှ ခွေးမထင်ဘူးဆိုတဲ့ အချိုးနဲ့ ရဟန်းတော်တွေကို စစ်တွေတို့ ပခုက္ကူတို့မှာ လက်လွန် ခြေလွန် လုပ်ခဲ့၊ ထပြီး ပွဲကြမ်းကြတာလေ။ ဘယ်မှာလဲ ပြည်ပတပ်တွေ၊ အကြံပေး မျက်နှာဖြူတွေ? ဖိလွန်းလို့ ကြွတာမဟုတ်လား .. အတပ်ဟောကိန်းထုတ်လိုက်ပါအုန်းမယ်။ ဒီစစ်အုပ်ချုပ်မှု့ ပုံစံမျိုးနဲ့ ဒါမှ မဟုတ် စစ်တပ်ကို ကျော်ထောက်နောက်ခံပြုမဲ့ အုပ်ချုပ်ရေးစနစ်မျိုးနဲ့ နောက်ဘုရားတွေ ဘယ်လောက်ပွင့်ပွင့် ဘယ်တော့မှ ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှု့ ဖြစ်လာမှာ မဟုတ်ပါဘူး။ မကျေနပ်မှု့ ယမ်းမှုန့်လေး တမှုန့် နှစ်မှုန့်ကနေ အမြဲတမ်း အချိန်တချိန်ရောက်ရင် ပေါက်ကွဲမှုကတော့ မလွဲမသေ ဖြစ်အုန်းမှာပါ။
နိဂုံးချုပ်ရရင် .. သူတို့ပြောတဲ့ ခေတ်သစ်ပြည်ပနယ်ချဲ့ကိုလိုနီထက် ခေတ်အဆက်ဆက်ပြည်တွင်းက ကိုလိုနီတွေက အနီးကပ်ဖျက်ဆီးရေးသမားတွေဆိုတာ ထင်ရှား ပါတယ်ခင်ဗျား။ ဒါကြောင့် နှလုံးရည်၊ လက်ရုံးရည်နဲ့ နိုင်တဲ့ အခြေအနေကနေ ဆက်လက်ဆန့်ကျင်မှု့တွေ ဖြစ်နေအုန်းမှာပါ။ တစ်ခုတော့ စစ်ကိုလိုနီပြည်တွင်းဖြစ်တွေကို သတိပေးလိုက်ချင်ပါရဲ့ .. ခေတ်တွေ ပြောင်းနေပြီ၊ ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာတွေဟာ မျိုးဆက်သစ်တွေက လျှင်လျှင်မြန်မြန် သိတတ်လာကြပြီ။ လက်ရှိပုံစံမျိုး အုပ်ချုပ်မှု့မျိုးနဲ့ ကြာကြာဆက်မထိန်းနိုင်တော့မှာ သေချာတယ်။ ဥပမာပြောရရင် ရုပ်ပိုင်းတွန်းလှန်မှု့သမားတွေ လက်ထဲ စတင်းဂန်း ဒုံးကျည်လိုမျိုးတွေ နောင်မပိုင်ဆိုင်နိုင်ဘူးလို့ ပြောလို့မရတဲ့ ခေတ်ထဲရောက်ခဲ့ပြီဆိုတာ သတိရစေချင်တယ်။ အချိန်မီ မျှမျှတတ တတိုင်းပြည်လုံး မှန်မှန်ကန်ကန် အကျိုးတူစီးပွားဖက်မျိုး ညှိုနှိုင်းချီတတ်မှ ဘေးတိုင်းပြည်တွေလို အဆင့်တစ်ခုရောက်တော့မှာပါခင်ဗျား။ ။
Sunday, February 17, 2008
ရွှေရုပ်လွှာ နှင့် ပေရုပ်လွှာ
စားတာခြင်းတော့ အတူတူပါ
မတူတာက ချုပ်နှစ်ချုပ်
အတွင်းသရုပ်လှစ်ထုတ်ကြည့်သည်
အကြည်ရေ ..
ပဲပြုတ်နဲ့ နံပြား ရရင် စားချင်ရဲ့ဆို
ရိုးသားမှု့၊ ရိုးရာအသံနဲ့
မြပုဝါ ရွှေသာထုပ်သလို
သမိုင်းတွင် ကျန်ရစ်တာ
အာသီသလေး ကြည်ညိုစရာ
တို့ရဲ့ ... ချစ်ဗိုလ်ချုပ်ပါ။ ။
မြင်တော်မူလိုက်ပါရဲ့
အခါတော်ပေးတာက မခါတွန့်ရဲ့ ရွှေစာ
ဘာညာသာရကာ ...
ပါးစောင်ကြီးဖြဲလိုက်ပုံက
ပုံပမာရေမြင်းကြီးအလား ..
အစာကိုလေ ...
အသားကုန်ပါ သွင်းလိုက်ပုံက
ပြိတ္တာဘ၀က လူအဖြစ်လား
အို ... ဗျ .
ပရိသတ်တို့ရေ ..
အတွင်းသရုပ်ပါ ထင်ရှားမြင်သာ
တပ်ချုပ်ကြီးရဲ့ ပေရုပ်လွှာ။ ။
အဘိဏှသုတ် အနက်နှင့်ထပ်မျှကျနေသော
အဘိဏှသုတ်တော် အလာအရ ...
၁။ တပ်ချုပ်ကြီး သည် အိုခြင်းသဘောရှိ၏။
အိုခြင်းဓမ္မကို မလွန်နိုင်ချေပါတကား
၂။ တပ်ချုပ်ကြီးသည် နာခြင်းသဘောရှိ၏။
နာခြင်းဓမ္မကို မလွန်နိုင်ချေပါတကား
၃။ တပ်ချုပ်ကြီးသည် သေခြင်းသဘောရှိ၏။
သေခြင်းဓမ္မကို မလွန်နိုင်ချေပါတကား
၎။ တပ်ချုပ်ကြီးသည် ခပ်သိမ်းသော ချစ်ကျွမ်းသူတို့နှင့် သေကွဲ၊ ရှင်ကွဲ
ကွဲခြင်းသဘောရှိ၏။
ထိုထိုဓမ္မတို့ကို မလွန်နိုင်ချေပါတကား
၅။ တပ်ချုပ်ကြီးသည် ကံသာလျှင် ဥစ္စာ အမွေခံအကြောင်းရင်းရှိ၏။ ကံ ဆွေမျိုးသာရှိ၏။
ကံမှ လွှဲ၍ ကိုးကွယ်လဲလျောင်းရာ မရှိတော့ပြီတကား
၆။ တပ်ချုပ်ကြီးသည် အကုသိုလ်ကံ များလှသည်တကား သို့အတွက် အကုသိုလ်ကံတို့
အကျိုးပေးရာသာ ရှိချေတော့သည်သာ ဖြစ်၏။ ။
မေမေ သို့ ...
"အမေရေ ...
သားတို့ မမေ့သေးပါဘူး အမေ"
မြန်ပြည်သူ မြန်ပြည်သား
တောင်ပေါ်သူ မြေပြန့်သား
ရန်ကုန်သူ ရန်ကုန်သားတို့
စိတ်နှလုံးကြည်မွေ့စရာ ..
အလုပ်အကျွေးပြုခဲ့ရှာ
အမေ့တာဝန်ကျေခဲ့တာ ..
သမိုင်းနာမည်တွင်ခဲ့တာ ..
အမေ့နာမည် "မိုမို" ပါ
"ဆင်" မျိုးနွယ်က လာခဲ့တာ ...
"အမေ့ ခြေရာ နင်းမဟဲ့" လို့
အားကြိုးမာန်တတ် ပျော်တော်ဆက်ဖို့
ရည်ရွယ်ချက်ထား ကြိုးစားခဲ့ငြား
မသူတော်ဖော်တသင်းအတွက်
ဒီဝန်းကျင်ကထွက်ရပြီ
သားတို့ တာဝန် မကျေခဲ့ပြီ
ကံကြမ္မာမုန်တိုင်း ရိုင်းလေပြီ
ဝဋ်ကြွေးရှိရင်ကြေပါစေတော့
ကန်တော့ခဲ့ပါသည် ..
သားတို့ သွားတော့မည် ..
သမီးတို့ သွားတော့မည် ..
နေပြည်တော်တဲ့ လူ့တိရိစ္ဆာန်တို့ဆီ။ ။
[လျှပ်တပြတ် ဂျာနယ်မှ ဆင်ကလေးရဲ့ မျက်ရည်ကို ခံစားခဲ့ပါသည်။]
ကျေးစွပ်သူ
- သမိုင်းနဲ့ အစဉ်အလာ
မယှဉ်သာခဲ့သမို့
သမီးကိုပါ မကြည်သာခဲ့လို့
ဗိုလ်ချုပ်ပုံရိပ်ဖျောက်ဖျက်ခဲ့တာ
ဘာဟုတ်သေးလဲဗျာ။ ။
- ဟုတ်ဟုတ် မဟုတ်ဟုတ်
ယခုတပ်ချုပ် ဗိုလ်တတ်လုပ်စား
သူ့ဆရာ နေ၀င်း မြောင်းထဲသွား
သူ့ဆရာ စောမောင် မြောင်းထဲသွား
ဓာတ်ပုံလေးတောင် စီမထား
ကျေးဇူးကန်းပုံများ။ ။
- ကန်းသောကျေးဇူး အာခေါင်စူး
မကြာတော့ဘူး ကြည့်နေပါ
နှစ်ခါပြန်တောင် စူးအုံးမှာ
သံဝေဂရစရာ
သူငိုပေမဲ့ အလကား
နှောင်းလွန် နောင်တရမှာလား
မထင်သေးပေါင်းဗျား။ ။
ကျနော်သိသော `ဗဒို´တဦး
မဲဆောက်မှာ လုပ်ကြံခံလိုက်ရတဲ့ ဗဒိုမန်းရှာကို လူချင်းမသိပါဘူး။ ဒါပေမယ့် သူပြောတာ ဆိုတာ နားထောင် ကြည့်တော့ အတွေ့အကြုံရှိတဲ့ တော်လှန်ရေး သမားတဦးဆိုတာရယ် ရပ်တည်ချက်မှန်ကန်တဲ့နိုင်ငံရေးသမား တဦးဆိုတာရယ် သိသာထင်ရှားစွာ တွေ့နေရပါတယ်။ အဲလိုလူမျိုး လုပ်ကြံခံလိုက်ရတယ်ဆိုတာ ကရင့်တော် လှန်ရေးအတွက်ရော မြန်မာ့ ဒီမိုကရေစီအရေးအတွက်ပါ ၀မ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခုပါပဲ။
ဗဒိုမန်းရှာကို မဆုံလိုက်ရပေမယ့် ကိုယ်တောခိုတုံးကတော့ ဗဒိုတဦးဖြစ်တဲ့ ဗဒိုသန်းအောင်ကို သိခဲ့ရပါတယ်။ ကိုယ်တို့ရောက်နေတဲ့ ကရင်တပ်မဟာ (၇) တပ်ရင်း (၂၁) ဖြစ်တဲ့ မဲတရေ စခန်းကို ကေအင်ယူ ဒု ဥက္ကဋ္ဌ အဖြစ် ဗဒိုသန်းအောင် ရောက်လာခဲ့တာပါ။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်က စပြီး နယ်စပ်ကို တဖွဲဖွဲ ထွက်လာခဲ့ကြတာဆိုတော့ ကိုယ်တို့ မဲတရေ ရောက်တဲ့ အောက်တိုဘာ (၁) ရက်နေ့ မဲတရေစခန်းမှာ ကျောင်းသား (၅၀၀) ကျော်လောက်ရောက်နေကြပါပြီ။ အများစုက ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်းစတဲ့ မြို့နယ်က တက်လာခဲ့တဲ့ ကျောင်းသားသပိတ်က အဖွဲ့တွေ များပါတယ်။ နောက်တခြား ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်းက ထွက်လာခဲ့တဲ့သူတွေ ရှိကြပါတယ်။ လက်နက်နဲ့ စစ်ပညာ ရရင် ပြည်တွင်း ပြန်ဝင်ဖို့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ကြပေမယ့် ကေအင်ယူစခန်းမှာ ပိတ်မိသလို ဖြစ်နေပြီး ရှေ့ကို ဘာဆက် လုပ်ရမှန်းမသိ ဖြစ်နေတဲ့ အချိန်ပါ။ တချို့က ထိုင်းကို ကူးမယ်၊ တခြားစခန်းတွေကို ရောက်သွားတဲ့ အသိတွေ နဲ့ အဆက်အသွယ်ရှာမယ်။ နိုင်ငံတကာကို အကူအညီတောင်းမယ် စသဖြင့် စိတ်ကူးကြသူတွေလည်း ရှိကြတယ်။ နယ်စပ်စခန်းတွေကို ပြည်တွင်းက ကျောင်းသားတွေ အလုံးအရင်းနဲ့ ရောက်နေတာကို ကမ္ဘာ့သတင်း ဌာနတွေကလည်း စိတ်ဝင်စားတယ်လေ။ တနေ့ တနေ့ ရောက်လာတဲ့ သတင်းထောက်တွေက လည်း မနဲဘူး။ သတင်းထောက်တွေက မြင်သမျှကို တီဗီရိုက်၊ တွေ့သမျှလူကို အင်တာဗျူးတာ ဆိုတော့ ကိုယ်တောင် သြစတေးလျက သတင်းဌာန တခုဖြစ်တဲ့ အေဘီစီ နဲ့ အမေးအဖြေလုပ်လိုက်သေးတယ်။ ကိုယ်ပြောတဲ့ အင်္ဂလိပ်စကားက တောင်တလုံးမြောက်တလုံးပါ။ အဲဒီမှာ တချို့ အင်္ဂလိပ်လို အတော်လေး ပြောနိုင်သူတွေပါတယ်။ အဲဒီထဲက တယောက်က သတင်းထောက်တယောက်ကို ဘာပြောလိုက်သလဲ ဆိုတော့ ကေအင်ယူက ပိတ်ပင်ထားလို့ သွားချင်တဲ့နေရာ သွားလို့မရဘူးဖြစ်နေတဲ့အကြောင်း ပြောလိုက်တာပါပဲ။
နောက်နေ့ကျတော့ အဲဒီသတင်းက ဘန်ကောက်ပို့စ် မှာပါလာတယ်ဆိုတော့ ကေအင်ယူရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်တဲ့ ဗဒိုသန်းအောင် ကိုယ်တိုင် စခန်းကိုရောက်လာပြီး အဲဒီကိစ္စကို ဖြေရှင်းပါတော့တယ်။ မဲတရေစခန်းမှာ ကိုယ်တို့အဖွဲ့တွေ ယာယီစခန်းချနေတာက အလယ်တန်းကျောင်းတခုမှာ၊ အဲဒီကျောင်းရဲ့ နှစ်ထပ်ဆောင် အောက်ထပ်ခန်းမ လူစုပြီးတော့ မြန်မာလိုကောင်းကောင်းမိန့်ခွန်းချွှေပါတော့တယ်။ သူက မြန်မာစကားပြော နိုင်ပေမယ့် တပ်ရင်းမှူးဗိုလ်မှူးလားမူက ကျနော်တို့ကို စကားပြောရင် ကရင်လိုပဲ ပြောပါတယ်။ သူက ကရင်လို ပြော.. တယောက်က မြန်မာလို ဘာသာပြန်တယ်ပေါ့။ အဲဒါကို ညဖက်အဆောင်မှာ အခုသြစီရောက်နေတယ် လို့သိရတဲ့ ကိုပေါ က ဗိုလ်မှူးလားမူ လုပ် နောက်တယောက်က စကားပြန်လုပ်ပြီဆိုရင် ပြဇတ်ထွက်သလို ဖြစ်နေတာမို့ တ၀ါးဝါးနဲ့ ရီနေရပါတယ်။ လူတွေကလည်း ဘာမှ အလုပ်ရှိတာ မဟုတ်၊ အားနေကြတယ် မို့လား။
ဗဒိုသန်းအောင်က ကေအင်ယူရဲ့ရပ်တည်ချက်၊ ဖြတ်သန်းမှုသမိုင်းကြောင်း၊ လမ်းစဉ် နဲ့ လုပ်ငန်းစဉ်တွေကို အကျယ်တ၀င့်ရှင်းပြပါတယ်။ ပြီးတော့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပါလာတဲ့ ကိစ္စ အစာမကြေတဲ့အကြောင်း၊ ကျောင်းသားတွေကို ထိုင်းဖက်ကမ်းကူးခွင့်မပြုတာက တဖက်နိုင်ငံရဲ့ လူဝင်မှု ဥပဒေနဲ့ ငြိစွန်းမှာမို့ တားမြစ်ရတာ ဖြစ်ကြောင်း ပြောပါတယ်။ ကျောင်းသားကိုယ်စားလှယ်ကလည်း ကျောင်းသားတွေရဲ့ ဆန္ဒကို ရိုးသားစွာ တင်ပြတော့မှ အားလုံးကိုတော့ သွားခွင့်မပြုနိုင်၊ အားလုံးကိုယ်စား ကျောင်းသား (၇)ယောက်ကို အဆက်အသွယ်ရှာဖို့ မဲဆောက်သွားခွင့်ပြုမယ်လို့ ပြောပြီး ဗဒိုသန်းအောင် ပြန်သွားပြီးနောက်ပိုင်း ကျနော်လည်း တော်လှန်ရေး နယ်မြေမှာ မရှိတော့တာမို့ နောက်ထပ် တွေ့ဆုံခြင်း မရှိတော့ပါ ခင်ဗျား... ။ ။
Saturday, February 16, 2008
ကျွန်ုပ်တို့တာဝန်
အနာတရနဲ့ဘ၀တွေပေမို့ 
မဆုံးသေးတဲ့ဒီခရီးလမ်းမှာ
တခါတလေ့  ဒဏ်ရာတွေကိုပွတ်သပ်
အသားထဲကလောက်ထွက်
တကိုယ်ကောင်းအတ္တကြီးသူ
ဆင်ကန်းတောတိုးဆက်မိုက်နေသူတွေဆီက
ရခဲ့တဲ့ ဒဏ်ရာတွေပေမို့ ဖြေမရ့  ။
အဓိကနဲ့သာမညခွဲခြားသိထားဖို့တော့လိုတယ်မိတ်ဆွေ့ 
ကျနော်တို့လျှောက်နေတဲ့
တော်လှန်ရေးခရီးလမ်းကြမ်းမှာ
မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းမှာပါတဲ့
" ငါတို့သည်အတိတ်ကိုလည်းမပြန်
အနာဂတ်ကိုလည်းမမျှော်
ပစ္စုပ္ပန်ပဲတည့်တည့်သွား " မှာဖြစ်တဲ့အတွက်
မိတ်ဆွေရေ့ 
ခင်ဗျားသာပစ္စုပ္ပန်မှာ
မှန်မှန်သွား၊မှန်မှန်လုပ်နေရင်
ခင်ဗျား ရဲ့ အမည်
ခင်ဗျား ရဲ့ နေရပ်နဲ့
ခင်ဗျားရဲ့ အတ္ထုပ္ပတ်တွေကို
ကျနော်တို့ခရေစေ့တွင်းကျလိုက်စုံစမ်းနေစရာမလို့  ။
ကိုယ့်ရာဇ၀င်ကိုယ်ရေးနေကြတာပေမို့ 
ကောင်းကွက်တွေရာထောင်ချီခဲ့လည်း
အတွေးတချက်မှားလို့
ဆိုးကွက်တခုဝင်လာရင်တော့
အကုန်ပျက်ရလိမ့်မယ်မိတ်ဆွေ
အရိုးကိုအရွက်မဖုံး
အမျိုးကိုအဆက်မတုန်းစေပဲ
အညတရသူရဲကောင်းများစွာမွေးဖွားပြီး
လောကအလည်မျက်နှာပန်းလှစွာနေထိုင်နိုင်ဖို့
ကျနော်တို့လက်ရှိပစ္စုပ္ပန်ကိုတည့်တည့်သွားနေတဲ့
အညတရသူရဲကောင်းတွေရဲ့တာဝန်တွေပဲပေါ့  ။
ဇာနည်မောင်
အပ်ကြောင်းထပ်နေသည့်စကားလုံးများ
ဘ၀မှာ့  အတွေ့အကြုံတွေမပြည့်စုံသေးပေမဲ့ 
" လှုပ်ရှားမှုရှိရင် ပြောင်းလဲမှု ရှိတယ် " ဆိုတာကိုတော့
ခက်ထန်ကြမ်းတမ်းတဲ့
ဘ၀အတွေ့အကြုံတချို့တွေအရ
အခက်အခဲတွေကိုဝါးမျိုခဲ့ရင်း
ဘ၀ရဲ့လက်တွေ့အတွေ့အကြုံတွေနဲ့
ကောင်းကောင်ကြီးနားလည် သိရှိခဲ့ပါရဲ့
ဒါပေမဲ့  သို့သော်
ဗိုလ်အောင်ဆန်းလမ်းစဉ်ကို နားလည်ထားတဲ့သူတွေမှာ
မြန်မာပြည်စစ်ဖိနပ်အောက်က
လွတ်မြောက်အောင်တိုက်ရမယ်ဆိုတဲ့
စိတ်ဓါတ်တွေကသာ ပို၍ခိုင်မာလို့သာလာ့  ။
တရွေ့တရွေ့တဖြေးဖြေးနဲ့ 
ယဉ်ကျေးပြီးခေတ်မှီတိုးတက်လာတဲ့
ကျနော်တို့နေထိုင်တဲ့ ဟောဒီကမ္ဘာကြီးမှာ
ယဉ်ကျေးတဲ့သူတွေ
တရားဥပဒေနည်းလမ်းကျကျပြောတဲ့စကားများ
အာဏာရှင်တွေရဲ့နားမှာ
" ကျွဲပါးဂစ်တာတီး " များဖြစ်နေလေရော့သလာ့း့  ။
စနစ်တခုကိုပြုပြင်ပြောင်းလဲတဲ့လမ်းဟာကြမ့်း့ 
တခါတလေမှာလည်း လိုချင်တာကိုရဖို့
အရင်းအနှီးများစွာ ပေးဆပ်တတ်ရလေသမို့
ကျနော်တို့လိုလားတဲ့ ဒီမိုကရေစီကိုရဖို့
ချစ်တဲ့ အမေ့အိမ်ကိုစွန့်ခွါ
ရိုးမမြေတွေမှာဘ၀တွေကိုမြုပ်
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်
ဝါဒဖြန့်တောင်းဆို
လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့လည်း
လက်တဆုပ်စာ အာဏာရူးစစ်ဗိုလ်ချုပ်တို့မှာတော့
ဒင်းတို့တတွေ အာဏာတည်မြဲရေးအတွက်
သိရက်နဲ့ဆက်မိုက်နေကြဆဲပဲ့  ။
ပြည်သူပြည်သားအများစုမှာ ဆင်းရဲနွမ်းလျ့ 
နိုင်ငံရေးမကောင်းလို့
စီးပွားရေးပါချွတ်ခြုံကျ
အကျင့်စာရိတ္တတွေပါပျက်ပြားနေလည်း
အာဏာရှင်တို့ကတော့မျက်ကွယ်ပြုထားဆဲပဲ့  ။
လက်ရှိအခြေအနေမြန်မာပြည်မှာ့ 
ရှစ်လေးလုံးကျောင်းသားအမည်ခံ
အေးလွင်တို့အုပ်စုကလွဲလို့
တခြားပြည်တွင်းနိုင်ငံရေးလှုပ်ရှားသူတွေကတော့
နရသိမ်ထောင်နန်းအတွင်းမှာနဲ့
ရှောင်ပုန်းပြေးနေရဆဲပဲ့  ။
အားနည်းချက်တွေကိုပြုပြင်လာအောင်ထောက်ပြလို့လည်းမရ့ 
လူမဆန်စွာရက်စက်ယုတ်မာတဲ့ စစ်အစိုးရ
ဒင်းတို့တွေသိအောင်လို့
ပြည်သူတယောက်ဖြစ်တဲ့ ငါ့ရဲ့ခံစားချက်တွေကိုတောင်
တိုင်းတပါးရေခြားမြေခြားကရေးနေရ
ဆိုးလှတဲ့ဘဝ
အ ရှုံးမပေးဘူးလေ အားလည်းမငယ်ဘူး
ကမ္ဘာကြီးဟာလည်ပတ်နေလို့
အမှောင် နဲ့ အလင်း
နေ့ နဲ့ ညတွေဆိုတာဖြစ်ပေါ်နေတယ်
ယခုအချိန်မှာ ပေဖြစ်တုန်းခံနေရတဲ့ ငါတို့ဘ၀တွေ
ကြမ္မာရဟတ်တပတ်လည်လာလို့
တူဖြစ်ရင် ပြန်နှံဖို့လည်းအဆင်သင့်ပဲ့  ။
ဇာနည်မောင်
စတုတ္ထမြောက်
- ပထမ, ဒုတိယ, တတိယ
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်
အာဏာရတနာ
ဓါး ရတနာ
ဆွေမျိုး ရတနာ ... ပုံစံမျိုးနဲ့
ဘယ်လိုပင် ဂုဏ်တင် သမိုင်းတွင်လည်း
ပြိုကွဲပျက်သုန်း နိဂုံးမလှတာ
ကျွန်တော်တို့ရဲ့ သမိုင်းထဲက
နိုင်ငံတော်ကြီးပါ။ ။
- ယခုလဲလေ ..
“နောက်တစ်ခါ လာပြန်ပြီဟေ့ ..
ဟေ ... ဟေ .. ဟေ ... ဟေ .. ”
- ဟိုး ..
နေပြည်တော် သာစခန်းဆီက
ခြတောင်ကုန်း ထိပ်ပြောင်ပြောင်မှာ
အတိတ်ဆောင်ကာ အရုပ်၃ခုထောင်
ကပ်မြှောင်ကာဖြစ်မလားရယ်လို့
ကပ်သီးကပ်သပ်နဲ့ .. “ချပ်သရီး” [ကုလားသံ]
စတုတ္ထမြောက်နိုင်ငံတော်ရဲ့
လေးခုမြောက် အရုပ် ငုတ်တုတ်။ ။
အတုနဲ့အစစ်
ကချောက်တိကချောက်ချက်
လူ့ဗျောက်သောက်နဲ့
ကျို့တို့ကျဲတဲနေပူထဲမှာ
တကျွီကျွီထွက်လှည်းနဲ့ဆွဲ
ဗိုလ်ချုပ်စိုးဝင်းဈာပနပွဲ
တပ်ချုပ်ကြီးတို့ဆင်ကာနွဲ
ဘုရားစူးရဲ့ ..
နိုင်ငံတော်ရဲ့အသုဘပွဲ
လှည်းနေလှေအောင်းမြင်းစောင်းမကျန်
မိုးနဲ့မျက်ရည် အပြိုင်ရွှဲကာ
လူထုတရပ်လုံးပါဝင်နွဲကာ
သမိုင်းတွပ်ရစ်အနှစ်ရှိတာ
ဗိုလ်ချုပ်အောင်ဆန်း အာဇာနည်ပါ ..
ဒါမှလေ ..
နိုင်ငံတော်ရဲ့ ဈာပန အစစ်ပါ ..
တတိုင်းပြည်လုံး သဘောတူခဲ့တာ။ ။
Friday, February 15, 2008
မန်းရှာသို့
မန်းရှာရေ...
မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘ၀တွေ ယူခဲ့...
မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေယူခဲ့...
မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့...
မန်းရှာရေ
နင့်သေနတ်ကို
နင်ကိုင်လာခဲ့...
မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့...
မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေ ကျောပိုးခဲ့...
မန်းရှာရေ
နင့်ရဲဘော် နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့...
အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာ မြေပေါ်ကျန်ခဲ့ပြီ..။ ။
(ဆရာမန်းရှာနှင့် အမ နမ့်ကျင်ရွှေသို့)
မောင်လွမ်းဏီ
၁၅-၂-၂၀၀၈
Thursday, February 14, 2008
ပျက်သုန်းမြေ
- ဒီမိုကရေစီ ရွှေရုပ်ကလေးနဲ့ မုသားနဲ့ သစ္စာစကား
ဘကြီးရွှေညာခဲ့လေသလားကွယ် ။
- အခြေခံကောင်းတွေချခဲ့ပြီ
ဓနအသက်သွေးချွေးများစွာနဲ့ ဒီတစ်ခွန်းလေးအတွက်
အနှစ် ၂၀ လိုအပ်ခဲ့ပါသလား၊။
- မရဲတရဲ မေးချင်တယ်။
သဲ၊ ကျောက်ခဲလေးဖြူးကတ္တရာလေးလူးယုံနဲ့
လမ်းအစစ်လျှောက်ဖြစ်ရဲ့လား ?
- တိုင်ကလေးထူသံဘောင်လေးကူယုံနဲ့
တံတားအစစ်သွားဖြစ်ရဲ့လား ?
- အုပ်ရိုးလေးမိုးသွပ်ကလေးမိုးယုံနဲ့
ပညာရေးအဆင့်မြင့် သုံးထားဖြစ်ရဲ့လား ?
- ဆည်ကလေးဆောက်ရေသယောက်လေးဖောက်ယုံနဲ့
လယ်ယာအထွက်တိုးသူဌေးမျိုးဖြစ်ရဲ့လား။
- ပန္နံကလေးရိုက်ရွှေအုတ်ငွေတိုင်စိုက်ရုံနဲ့
သာသနာရေးအစစ်ဘာသာရေးမြင့်သတဲ့လား။
- ထမင်းဝိုင်းဖွဲ့ဆုံ ဂီတလေးနားထောင်ယုံနဲ့
ပြည်ထောင်စုသွေးစည်း ညီညွတ်ရေးရှိပြီတဲ့လား ?
- ဘာကိုဆိုလိုပါသလဲ ..
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ဆိုတာ
အာဏာလား ? ဥပဒေလား ? လုံးချစကားလား ?
- ဘာလဲပြောပြောပေါ့
ပျဉ်းမနားဒေသဟာ ဗကပရဲ့နောက်ဆုံးမြေဆိုခဲ့ရင်
နေပြည်တော်ဆိုတာ နအဖရဲ့ ပျက်သုန်းမြေ။ ။
အို
အို တော့ အို ကြတာခြင်းပါ ..
ပြည်ပက မြန်မာတချို့လည်း ... "အို"
အမေမာလည်း ... အို
ဒဂုန်တာရာကြီးလည်း ... အို
ထီလာကြီးလည်း ... အို
ပခုက္ကူဦးအုံးဖေကြီးလည်း ... အို
တပ်ချုပ်ကြီးလည်း ...အို
တပ်မချုပ် တချုပ်ကြီးလည်း ... အို
အိုနည်းပေါင်းစုံ "အို" တွေထဲမှာ
ဘယ်အိုနည်းက အို ကျိုးနပ်။ ။
Tuesday, February 12, 2008
ကမ္ဘာဆုံးတိုင်
ရာစုနှစ်ဟောင်းတစ်ခုကပေါ့လေ
မေ့မေ့ လျော့လျော့နဲ့ နေ့ တစ်ရက်
သမိုင်းက နေတစ်စင်းမွေးဖွားခဲ့ဖူးတယ်
ဖေဖော်ဝါရီလ တစ်ဆယ့်သုံးရက်တဲ့
ကျတော်တို့  အမှတ်ရနေ သင့်ပါရဲ့ ။
အမျိုးထကိနိုင်ငံကို ပိုချစ်သူ
ကိုယ်ကျိုးမတွက် ၀န်ထမ်းခဲ့သူမို့ 
တစ်ချိန်က သူသာလျှင်ထာဝရ
သူသာလျှင် ဖန်ဆင်းရှင်
နေညိုတယ်ဆိုတာ လူတိုင်းတွေ့ ကြုံရမှာပါ ။
မမှီတဲ့အတွေး မသိတဲ့နောက်ကြောင်းတွေနဲ့ 
ရာစုနှစ်တစ်ခုရဲ့ တစ်ခုသောမှတ်တိုင်မှာ
ငါတို့ တွေေ၀၀ါးခဲ့ရတယ်
ကျိန်စာမိသူတွေလို နာကျင်ခံစားခဲ့ရတယ်
မည်သူမျှ မတတ်နိုင်တဲ့ ဆူးတစ်ချောင်း
ငါတို့ ကိုယ်တိုင် နှတ်ယူဖို့  အချိန်တန်လောက်ပါပြီ ။
အမြင်မကျယ်တဲ့ တစ်ချိန်ကကျောင်းတော်
ရဇ၀င်မှားတွေနဲ့  ဟိုးတုန်းကစာသင်ခန်း
ဖယောင်းတိုင်မီးနဲ့  စာကြည့်ခဲ့ရတဲ့ညတွေ
အဲဒါတွေကိုတွေးမိတိုင်း လွမ်းသလိုလို
ခုလည်းမထူးပါဘူး .။
ရင်မှာလှုတ်ခတ်နေတဲ့ အမှတ်ရခြင်း
နှိုင်းယှဉ်မိတဲ့ သူနဲ့ တုန်းကအခြေနေတွေ
ကနေ့ လူတိုင်းလိုလို ပြောကြမယ့်
သူ့  ရဲ့  မွေးနေ့ 
ဗိုလိချုပ်မွေးနေ့  ဘယ်တော့မျှတို့  မမေ့ ။ ။
့ဗိုလိချုပ်မွေးနေ့  ဘယ်တော့မျှတို့  မမေ့ ။ ။
ဖြေတော်မူ ၃ပါး စကားပုံ
ခေတ်ကိုက ....
၁။ "သူခိုးပိုးပုဆိုးနဲ့ လူကောင်းလက်ပြန်ကြိုးနဲ့"
တပ်ချုပ်ကြီး ပိုးပုဆိုးဝတ်သလား?
ဆရာတော်ဦးဂမ္ဘီရကို လက်ပြန်ကြိုးတုတ်ကြသလား?
၂။ "ဘုန်းကြီးရူး လှေလူးနဲ့"
သားသုံးသား တရားဟောဆရာတော် နဲ့ တပ်ချုပ်ကြီးကို ရည်ညွှန်းတာလား ?
၃။ "သမီးတစ်ကောင် နွားတစ်ထောင်"
တပ်ချုပ်ကြီး ဘယ်သမီးရဲ့ ယောက်ျားဟာ နွားနဲ့ အမျိုးတော်သလဲ?
ဖြေတော်မူဦး အဆွေတော် ....
Monday, February 11, 2008
အနက်နဲ့အဖြူ
အနက်တော့ အနက်ပါ ..
မျက်မှန်အနက်ပါ ..
အဲဒီ အနက်အောက်မှာ
ဝိဇ္ဖာဥာဏ်အလင်းပေါက်
မြန်မာ၊ကမ္ဘာ သာသနာထွန်းတောက်
တခေတ်မှာ တယောက်ပါ
တောင်ပုလုဆရာတော်လို့ အမည်တွင်တာ ...
အဖြူတော့ အဖြူပါ .
မျက်မှန်အဖြူပါ
အဲဒီအဖြူအောက်မှာ
အ၀ိဇ္ဖာအန္ဓဥာဏ်ဖုံး
လူ့ဇာတ်တုံးအောင်မိုက်ခဲ့တာ
သမိုင်းမှာတယောက်ပါ ..
အာဏာရူးလို့ခေါ်ကြတာ ... ။ ။
ကြောက် ရင်းနဲ့ ကျောက်
သူ့ကိုယ်ကြောက် ကိုယ့်သူကြောက်
အပြန်အလှန် ကြောက်
အပေါ်က အောက်ကြောက်
အောက်က အပေါ်ကြောက်
နီးနီးလည်း ကြောက်
ဝေးဝေးလည်းကြောက်
အချင်းချင်းလည်း ကြောက်
တစိမ်းလည်းကြောက်
ကြောက် ကြောက် ကြောက်
ပတ်လည်ရိုက်ကြောက်
အမှန်တရားပျောက်အောင်ကြောက်
အကြောက်တရားကြီးစိုးလိုက်တာ
နှစ်သာ ၆၀ ပြည့်ခဲ့တယ်
တိုင်းပြည်တစ်ခုလုံးလဲ
ကျောက်ပေါက်ရာတွေနဲ့
ကျောက်ပေါက်မ မျက်နှာအတိုင်း ... ။ ။
နမိတ်တဘောင် အဆိုးဆောင်နေတဲ့ မြန်မာပြည်
လင်းတနားနမိတ်။
ကျနော်တို့မြန်မာ့ရှေးရိုးအယူအဆမှာ တစပြင်နဲ့ တောတောင်မှာသာ ကျင်လည်ကျက်စားတတ်တဲ့ အနိဋ္ဌကောင် လင်းတ(လဒ) ဟာ ဘယ်လိုပုံစံမျိုးနဲ့မှ အကောင်းမြင်မပြခဲ့ပါဘူး။ ၂၀၀၇ နှစ်ဆန်းပိုင်းမှာ ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ လင်းတနားခဲ့တာကို အစိုရအလိုတော်တွေက ဟိမ၀န္တာဆောင်းခိုငှက်လို့ ပြောဆိုခဲ့ကြတယ်။ အဲဒီမှာ ကမ္ဘာတုန်အောင် လှုပ်ခတ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်လာခဲ့တယ်။ အခုလည်း ၂၀၀၈ ခုနှစ်ဆန်းပိုင်းထဲမှာဘဲ ဗဟန်းမြို့နယ်မှာ နောက်ထပ်တစ်ကြိမ် လင်းတ ထပ်နားပြန်တယ်။ ဒီတခါတော့ ဆောင်းခိုငှက်လို့ မျက်လုံးစုံမှိတ် ငြင်းဦးတော့ ဆင်ခြေမခိုင်တော့ပါဘူး။ တစပြင်နဲ့ တောတောင်မှာဘဲ ကျင်လည်တတ်တဲ့ လင်းတဟာ လူနေအရပ်ဖြစ်တဲ့ မြို့ရွာတွေကို နှစ်ရာချီကြာမြင့်ဦးခိုနားတတ်တဲ့ သတ္တ၀ါ မဟုတ်ပါဘူး။
နဂါးမီးတောင် ရခိုင်ပြည်။
ရခိုင်ပြည်ရဲ့ အထင်ကရဖြစ်တဲ့ နဂါးရွံ့မီးတောင်ဟာ ဆယ်စုနှစ်များစွာတိုင်အောင် ထင်ရှားစွာ မီးအန်လေ့မရှိပါဘူး။ အခုပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ထဲမှာ မီးတောက်ခပ်မြင့်မြင့် အန်ထုတ်ခဲ့ပါတယ်။ ပြီးတော့ မဟုတ်မခံစိတ်ဓါတ်ရှိတဲ့ ရခိုင်သားတွေနဲ့ သံဃာတွေစတင်လို့ ရွှေဝါရောင်တော်လှန်ရေးကို စတင်လို့ အာဏာရှင်တွေ ရဲ့ မတရားအမိန့်တွေကို ဖီဆန်ခဲ့ကြတယ်။ အခု ၂၀၀၈ မှာလည်း မနှစ်ကထက် လွန်လွန်ကဲကဲထပ်မံ အန်ထုတ်လိုက်ပြန်ပြီ။ ဒီတစ်ခါတော့ ရခိုင်သားတို့ရဲ့ စိတ်ဓါတ်ကို သမိုင်းမှာ မှတ်တမ်းထပ်ရေးလိမ့်ဦးမယ်။
၈ ဂဏန်း။
၈-ဂဏန်းဟာ သစ္စာတရားနဲ့ ဖြောင့်မတ်မှန်ကန်မှုရဲ့ အင်အားပါ။ မတရားမှုနဲ့ အဂတိကို ဘေးအန္တရာယ်ကြီးမားစေပါတယ်။ အခုလည်း ၂၀၀၈ ခုနှစ် စစခြင်းမှာဘဲ ပြည်သူအပေါင်းကို သဘာဝမကျတဲ့ အကြောင်းပြချက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ၈-ပေစလောင်းကိစ္စ စတင်ကိုင်တွယ်လိုက်ပါတယ်။ ဒါဟာ စစ်အစိုးရ အနေနဲ့ ကံကြမ္မာအမှားကို စတင်ဖွင့်လှစ်လိုက်တဲ့ သတိပေး သံချောင်းခေါက်သံပါဘဲ။ နောက် TV.4 ကို အဆင့်မြှင့်ဖို့ခဏတာရပ်နားပြုပြင်ပြီးမှ ပြန်လွင့်မယ်တဲ့။ ဘယ်လိုဘဲ ကလိန်စေ့ငြမ်းဆင် အကြံတွေထုတ်ထုတ် ဒုက္ခဆိုတာ အပေါင်းအသင်းနဲ့ ရောက်လာနေကျပါ။ ၈-ဂဏန်းဟာ ၄-ဂဏန်းနဲ့ ဒုက္ခညီအစ်ကို ဖြစ်လာမှာပါ။
စက်သုံးဆီ။
ရေနံစိမ်းတစ်စည်ကို ရ၃-ဒေါ်လာ ဖြစ်နေလို့ အရှုံးခံရောင်းချမပေးနိုင်လို့ ဈေးတက်ခဲ့ရတာပါဆိုတဲ့ အစိုးရ ။ အခုရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၁၀၀ နီးပါးဖြစ်နေပြီ။ နောက်နှစ်လည်လောက်မှာ ၁၁၀ လောက်အထိတက်မယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားကြတယ်။ ကဲ ... စားဝတ်နေရေးအတွက် ငွေကြေးလည်ပါတ်မှု ပြဿနာကို ဖြေရှင်းမပေးဘဲ ဆီဈေးတစ်ခုတည်း သီသန့်တက်ခဲ့တဲ့ တပ်ချုပ်ကြီးရေ .. အခုရော ဆီဈေးကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာ မေးပါရစေ။
တပ်ချုပ်ကြီး သောကြာသားကြီး သူ့ရဲ့ဇာတာ ကံကြမ္မာကတော့ နိမ့်ကျနေလိုက်တာ အ၀ီစိကိုထိုးထွင်းဆင်းဖို့ ပြင်နေခဲ့ပြီ။ သောကြာသားကြီး အသက်က ၇၅၊ နောက် ၇၆၊ ၇၇၊ ၇၈ အဆိုးကြီးဘဲဖြစ်နေတယ်။ အနာဂတ်လှစရာ မရှိပါဘူး။ အကုသိုလ်လည်း ကြီးခဲ့လေတော့ ကံကြီးထိုက်တော့မယ် လေ။ တပ်ချုပ်ကြီး ရဲ့ နောက်ဆုံးနေ့ရက်များဆိုတဲ့ စာမျက်နှာမှာ ကံကြမ္မာက အခြွေအရံတွေကို တစ်စစီဖဲ့ထုတ်နေပြီ။ ဆွေမျိုးသားမြေးတွေ ဒုက္ခနဲ့ စတွေ့နေပြီ။ ကံကြီးထိုက်တဲ့ အရသာစတွေ့နေပြီ။ အန္တရာယ်က လှိုက်စားရင်း သူကရော ၇၈ နှစ်အထိ ခံပါ့မလား။ အခုလား၊ တော်ကြာလား။
မနှစ်က မြန်မာတိုင်းမှာ အင်္ဂလိပ်အက္ခရာနဲ့ သန်းရွှေလူသတ်သမား ရယ်လို့ သရော်တာခံခဲ့ရတယ်။ တကယ်ဘဲ ရွှေဝါရောင်တော်လှန်ရေးဆိုပြီး ပေါ်ပေါက်အလာမှာ စာသားထဲကအတိုင်း သတ်ဖြတ်ခဲ့စေတယ်။ အခု ၂၀၀၈ ထဲမှာ အာဏာရူးကြီးသန်ရွှေ ဆိုတဲ့အသံက အရင်ထက် လျှံထွက်လာပြန်ပြီ။ ပညတ်သွားရာ ဓါတ်သက်ပါ၊ ရူးမှာဘဲ။ ရူးတဲ့ဝေဒနာ ယဉ်ယဉ်လေးတော့လာလိမ့်မယ် မထင်ဘုး။ သွက်သွက်ခါအောင် ရူးလိမ့်မယ်။
ကမ္ဘာမှာ အမေရိကန်တို့ရဲ့ သမ္မတရွေးကောက်ပွဲကစိတ်ဝင်စားစရာတစ်ခုပါဘဲ။ ဘာလို့လဲဆိုရင် အမေရိကန် သမ္မတတွေရဲ့ နံမည် (ပညတ်) နဲ့ လုပ်ဆောင်ချက်တွေဟာ တိုက်ဆိုင်လွန်းလို့ပါ။ ကလင်တန် လက်ထက်မှာ အိမ်ထောင်ရေးအနံ့ထွက်ခဲ့သလို၊ ဘုခ်ျတို့ သားအဖလည်း လက်သံပြောင်ခဲ့ကြတယ်။ အခုသမ္မတနေရာမှာ ရှေ့ကပြေးနေတာ "အိုဘားမား" သူသာတကယ်လို့ သမ္မတ ဖြစ်သွားခဲ့ရင် ၊ အိုး ! ဘားမား လို့ အံ့အားသင့်ရေရွတ်လောက်အောင် ဘာတွေများ ပြောင်းလဲသွားမှာလဲ။
တကယ်တော့ တပ်ချုပ်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆက်အနွယ် အရိပ်ကို ဖျောက်ဖျက်ဖို့ ဘယ်လိုကြိုးစားကြိုးစား မရပါဘူး။ ဘာလို့လဲ ဆိုရင် သူနဲ့အရင်းနှီးဆုံး သူ့လက်ရုန်းကိုယ်တိုင်ရဲ့ နာမည်က ဗိုလ်ချုပ်ရဲ့ တော်လှန်ရေးကာလကနာမည် ဗိုလ်တေဇရဲ့ လောင်းရိပ်ခံ နံမည် ဖြစ်နေလို့ပါဘဲ။ ဗိုလ်ချုပ်ရဲ့ အရိပ်ကိုဖျောက်ချင်ရင် တေဇကိုသတ်မှ ရမယ်ထင်ပါရဲ့။ နံမည်ပြောင်းလည်း ဓါတ်သက်မ၀င်တော့ပါဘူး။ ဒီလူက ပညတ်နံမ ၁၂-နှစ်ကျော်ခဲ့ပြီလေ။ ကဲ တေဇကို သတ်မှာလား။ တေဇကဘဲ တပ်ချုပ်ကြီးဖြေမရအောင် သင်ခန်းစာကောင်းကောင်းပေးခဲ့မှာလား။ ကာယကံရှင်များမှာတော့ အကြံရှိကောင်းရှိမယ်ထင်ပါရဲ့။
အချုပ်ဆိုရရင် -
တပ်ချုပ်ကြီးရဲ့ ကံကြမ္မာကရော ၊ မြန်မာပြည်ရဲ့ ကံကြမ္မာကပါ ပြီးခဲ့တဲ့နှစ်ထက် ၂၀၀၈ မှာ တိုက်ပွဲပိုမိုကြမ်းတမ်းမဲ့ နမိတ်လက္ခဏာတွေပါ။ အတိတ်ကံလက်ကျန်ရှိသရွေ့ ယတြာတိုးပေမယ့် အတိတ်ကံမကျန်ရင် ယတြာမခံနိုင်တော့ပါဘူး။ လက်ရှိ ဇီဝလောင်စာကို အကြောင်းပြုပြီး ကြက်ဆူဆီဆိုက်တာ ဗေဒင်အတတ်နဲ့ကြည့်ရင် သွက်သွက်ခါအောင်မှားယွင်းနေပါရော၊ ကြက်ဆူဆီထွက်လို့ အပင်ကောင်းလေ ၊ သန်လေ ၊ အဲဒီသောကြာသားမှာ သွေးတိုး၊ ချိနဲ့ခြင်း၊ လေဖြန်းခြင်း၊ အသံအိုး နှင့် လည်ချောင်း၊ သွား၊ ကျောက်ကပ် စတဲ့ရောဂါတွေ ပိုမိုဖိစီးလာပါလိမ့်မယ်။ ဆီအုန်းရွေးခဲ့မိတောင် ဒီလောက်မဆိုးပါဘူး။ အခုတော့ ကြက်ဆူပင်တောမှာ မင်းမူနေတဲ့ ရှင်ဘုရင်ဆိုပြီး နောင်လာနောင်သားတွေကို ပြောရတော့မယ်ထင်ပါရဲ့။ တပ်ချုပ်ကြီးအနေနဲ့ ကြက်ဆူဆီနဲ့ ဘရိတ်ဖမ်းလည်း မနှေးအမြန်မြန်းစရာက မရဏ မှတပါး အခြားမရှိတော့ပါ။
Wednesday, February 6, 2008
နေဘုန်းလတ်အတွက် အမှတ်တရ
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
ထာဝရ မြို့တော် သို့မဟုတ် ကိုနေဘုန်းလတ်
ကျနော် ဘလော့ဂ်စရေးတော့ ကိုယ့်အရှေ့မှာ ရေးခဲ့ကြတဲ့သူတွေရဲ့ နည်းပညာအရ၊ အနုပညာအရဖန်တီးမှု တွေကို လေ့လာပြီး ဘလော့်ဂ်လေးကို ပြင်ဆင်မွမ်းမံရတာပါ။ နည်းပညာအရဆိုရင် ကိုရန်အောင်တို့၊ ကိုဈာန်တို့၊ ကိုမောင်လှတို့ စသဖြင့်ကို ဖတ်ရပါတယ်။ အနုပညာအရဆိုရင်တော့ ကိုနေဘုန်းလတ် ဘလော့်ဂ်အပါအ၀င်၊ နိုင်းနိုင်းစနေ၊ ကိုယောဟန်အောင်၊ မမေငြိမ်း၊ ကိုမောင်ရင်၊ ကိုပုထုဇဉ် စသဖြင့် (အများကြီး ကျန်ပါသေးတယ်၊ မဖော်ပြနိုင်တာ နားလည်ပါ)။
သူ့ဘလောဂ့်ကတော့ ခေါင်းစဉ်လေးကအစ ကျနော်သဘောကျပါတယ်။ ဘလော့ဂ်ပါစာအရေးအသား တွေကလည်း လေးနက်ပါတယ်။ ကျနော့်ကို အတွေးပွားစေတာက Title Heading ကစပါတယ်။ ဒါကြောင့် ဘာတွေကို အတွေးပွားစေခဲ့တာလည်း ဆိုတာကို သူ့ဘလော့ဂ် တနှစ်ပြည့်အမှတ်တရမှာ ရေးလိုက်ပါတယ်။
နာမည်ပေးတာကိုက သူ့ဘလော့ဂ်နာမည်က လှပါတယ်။ “ကျနော်လွတ်ကျခဲ့တဲ့ မြို့တော်”… တဲ့။
အဲဒီ Title Heading အောက်မှာ ပါတဲ့ ကဗျာ အပိုင်းအစလေးဟာလည်း လှလှပပနဲ့ တွေးစရာတွေပေးပါ တယ်။
..ဖွဲ့ဆိုချင်နေတဲ့ သံစဉ်ချိုချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မျိုထားရတဲ့
ကြိုးပျက်နေတဲ့ ဂစ်တာတလက်ဟာ ကျနော်ဖြစ်တယ်..။
လွတ်ကျခဲ့တဲ့မြို့တော်…
သူ့ရဲ့လွတ်ကျခဲ့တဲ့ မြို့တော် ထဲမှာ ဘာတွေပါသွားခဲ့လဲ။ ပုဂ္ဂလိကခံစားချက်တွေလား၊ ပရဟိတ အနှောင့်အဖွဲ့ တွေလား။ ကျနော်အဲလို စဉ်းစားမိတယ်။ နောက် ဘယ်လို သံစဉ်ချိုချိုတွေကို ဖွဲ့မဆိုရက်ဘဲ တီးခတ်ချင် လျက်နဲ့ ဂစ်တာကို ကိုယ့်ကိုယ်ကိုယ် ကြိုးများဖြတ်တာလား။ အလိုအလျောက်ကြိုးပျက်သွားတာလား။ ဒါကတော့ ကိုနေဘုန်းလတ် တယောက်ထဲဘဲ ဖွင့်ဆိုနိုင်မှာပါ။
ကျနော်ကတော့ ကိုယ့်ဘာသာ အတွေးပွားနေမိတာတွေ ရှိတယ်။ ဖွဲ့ဆိုချင်နေတာက နှလုံးသားရေးရာလား။ မွန်းကျပ်မှုတွေလား။ အဖြစ်အပျက်တွေကိုဘဲလား။ မှောင်မှိုင်းနေတဲ့ ကောင်းကင်ကိုလား။ မရောက်နိုင် သေးတဲ့ နွေဦးကိုလား…။ ဒါမှမဟုတ်ရင် သူတောက်လျှောက် စွဲလမ်းခဲ့ရတဲ့ အနုပညာလား။ သူ့ရဲ့ စာအရေး အသားက မေးခွန်းများစွာ ပေးခဲ့တယ်။
အခုတော့ လွတ်ကျခဲ့တဲ့မြို့တော်ဟာ ပိုင်ရှင်ပါ ပျောက်ဆုံးခဲ့ရပြန်ပြီ။ ပိုင်ရှင်ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ သိရက်နဲ့ မဲ့နေရတဲ့ အဖြစ်မျိုး။ ဟောဒီခေတ်ရဲ့ အကွဲအကွာဖြစ်ရမှုတွေဟာ မြန်ဆန်ကျယ်ပြန့်လွန်းလှ၊ မှောင်မိုက်လွန်းလှ … ရက်စက်မှုလေစိမ်းတွေက အရှိန်ပြင်းပြင်းနဲ့ နေရာအနှံ့တောက်လောင်ဆဲဘဲ။ ဒါကြောင့်ဘဲ မိသားစုဆန်မှုတွေ ပြိုလဲခဲ့ရတယ်။ မိတ်ဆွေတွေ ပျောက်ရှခဲ့ရတယ်။ သံယောဇဉ်တွေ တံတိုင်းအခြားခံခဲ့ရတယ်။ နှလုံးသားတွေ တဝေးတမြေ ဖြစ်ခဲ့ရတယ်။
ဘာဘဲဖြစ်ဖြစ်ပါ။ ခင်ဗျားဖန်တီးခဲ့တဲ့ ဘလော့ဂ် တနှစ်ပြည့်တဲ့နေ့မှာ အဝေးရောက်နေတဲ့ ခင်ဗျားကိုယ်စား ကျန်တဲ့ဘလော့ဂ်မောင်နှမတွေက ဂုဏ်ယူပီတိဖြစ်မှုတွေနဲ့ မွေးနေ့ပွဲကို ဖန်တီးကျင်းပနေခဲ့ကြတယ်။ ပြီးတော့ လွတ်ကျခဲ့တဲ့ မြို့တော်ဟာ ပျောက်ဆုံးသွားမှာ မဟုတ်ဘဲ ဘလော့ဂ်ဂါ မောင်နှမတွေ အပါအ၀င် အမှန်တရားချစ်တဲ့ ပြည်သူတွေရဲ့ သမိုင်းရင်ပြင်ထဲမှာ ထာဝရတည်တံ့တဲ့ မြို့တော်အဖြစ် ကျန်ခဲ့မှာပါ။
ပြီးတော့ ခင်ဗျားကလည်း ကျနော်တို့ လေးစားဦးညွှတ်တန်ဘိုးထားရတဲ့ သူရဲကောင်းအဖြစ် တည်တံ့နေ မှာပါ။
အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ။
(ကိုနေဘုန်းလတ်အကြောင်းကို ရေးသားနိုင်သူတွေ အကြားမှာ ကျနော်က မရင်းနှီးတော့ မပြည့်မစုံဘဲ ရေးလိုက်ရတာပါ။ ဒါပေမယ့် သူပြန်လည်ဖတ်ခွင့်ရတဲ့အချိန်မှာ နေရာအနှံ့၊ နယ်ပယ်အနှံ့၊ အမှန်တရားချစ်တဲ့သူတွေကြားမှာ သူကို ခင်မင်ခဲ့သူရော၊ မခင်မင်ခဲ့ရသူတွေရော ရှိခဲ့တယ် ဂုဏ်ယူခဲ့ကြ တယ် ဆိုတာ သူသိစေဘို့က အဓိကပါ။)